နေပြည်တော် မေ ၁၉
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန သို့ရောက်ရှိပြီး ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက်နေ မှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား စိုက်ပျိုးရေးဦးစီးဌာန အပင်ဇီဝနည်းပညာဗဟို ဌာန တာဝန်ခံက အခြေခံဇီဝနည်းပညာ အသုံးပြု အပင်တစ်သျှူးမွေးမြူခြင်းလုပ်ငန်းများ၊ သီးနှံ၏ မျိုးဗီဇကို DNA နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း၊ သီးနှံမျိုးများ အဆင့်မြှင့်တင်ခြင်း နှင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ ခေတ်မီ ဇီဝနည်းပညာ အသုံးပြုခြင်း၊ ပညာရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဘဏ္ဍာနှစ်အလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဇီဝနည်းပညာ (Biotechnology)ဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင် ရွက်ရာတွင် ရှိပြီးအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းအပြင် ဆန်းသစ်တီထွင်ခြင်း များကို ဦးစားပေးအလိုက် ဆောင်ရွက်ရန် လုပ်ငန်းများသတ်မှတ်၍ တိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာကဏ္ဍ၏ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်ရန် လယ်ယာကဏ္ဍ အဆင့်-၄ (Agriculture 4.0) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားပြီး အပင်ဇီဝ နည်းပညာဗဟိုဌာနကို အမျိုးသား အဆင့်သို့ ရောက်ရှိအောင် ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်ရန်၊ တည်တံ့ဖွံ့ဖြိုးသော လုပ်ငန်း ဖြစ်စေရန် ပညာရှင်ဝန်ထမ်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန်၊ ခိုင်မာသော ဖွဲ့စည်းပုံဖြစ်စေရန်နှင့် ကျွမ်းကျင်သော လူစွမ်းအားအရင်းအမြစ်များ ပြုစုပျိုး ထောင်ရန် လိုအပ်ချက်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ နည်းပညာရပ်ဆိုင်ရာ အတွေ့ အကြုံဖလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဟိ သဘာဝဇီဝမြေဩဇာစက်ရုံ သို့ရောက်ရှိကြပြီး မွေးမြူရေးတိရစ္ဆာန်များက စွန့်ပစ်သည့် အညစ်အကြေးများကို အဓိက အသုံးပြု၍ ဂျပန်နည်းပညာဖြင့်ထုတ်လုပ်နေသော သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူ့အတွက် အကျိုးရှိစေမည့် အရည်အသွေးကောင်း သဘာဝ မြေဩဇာများ ဈေးနှုန်းချိုသာစွာ တိုးတက်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်နှစ်ပင် ဟင်းသီးဟင်းရွက် အထူးစိုက်ပျိုးထုတ်လုပ်ရေးဇုံ၏ စိုက်ပျိုးရေ အပြည့်အဝရရှိရေးအတွက် ကလိထော်ဆည်နှင့် ငမိုးရိပ်ဆည်တို့မှ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တောင်သူများ ပါဝင်သော ရေအသုံးချသူအဖွဲ့ (WUG)ဖွဲ့စည်း၍ ရေပေးမြောင်းမကြီး ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေ အလေအလွင့်မရှိ မျှတစွာ သုံးစွဲနိုင်ရေးနှင့် ရေသွယ်မြောင်းများကို ရေအသုံးချသူများက တာဝန်ယူ၍ စနစ်တကျ အသုံးပြုခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့သည်။
(သတင်းစဉ်)