ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပျဉ်းမနားမြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော်၊ မေ ၂၀

 

နေပြည်တော် ကောင်စီနယ်မြေအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းအချက်အလက်များ မှန်ကန် စေရေး၊ လယ်ယာမြေအသုံးချမှု မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံး တို့က ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ မေလ (၁၉) ရက် နံနက်ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၆၃) တွင်ကျင်းပသည့် နွေစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီဝင်များ၊  ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသနေတောင်သူများ တက်ရောက် ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က နွေစပါးသီးနှံ စံကွက်ရိတ်သိမ်းရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ချိန်တွယ်တွက်ချက်မည့် ပစ္စည်းကိရိယာဆိုင်ရာများ၊ စံကွက်ရိတ်သိမ်းတွက်ချက်မှုအဖွဲ့တွင် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနား တက်ရောက်လာကြသူများက နွေစပါး စံကွက်ရိတ်သိမ်းခြင်း နှင့် စံကွက်အထွက် တိုင်းတာမည့် ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးကြသည်။

 

ယနေ့ စံကွက်ရိတ်သိမ်းပွဲကျင်းပသည့် နွေစပါးမှာ GW-11 စပါးမျိုးကို တစ်ကွင်း တစ်စပ်တည်း ဧက (၃၅၀) စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စံကွက်ရိတ်သိမ်းတွက်ချက်မှုအရ တစ်ဧကလျင် စပါးအခြောက် ၁၄၃ ဒသမ ၈၄ တင်းနှုန်းထွက်ရှိကြောင်း၊ အဆိုပါ စပါးမျိုးမှာ တောင်သူကိုယ်တိုင် မျိုးထိန်းမျိုးချန်စိုက်နိုင်သည့် အထွက်ကောင်း စပါးမျိုးဖြစ်ကြောင်း သိရသည်။

 

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး၌ မိုးစပါး ဧက(၂ ဒသမ ၄)သန်း စိုက်ပျိုးခဲ့ပြီး၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် မိုးစပါး ဧက(၂၈၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထား ဧကထက်  ဧက (၉၀၀၀)ခန့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)