နေပြည်တော်၊ ဖေဖော်ဝါရီ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်မှ ၂ ရက်ထိ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၄-ခုနှစ်၊ အာဆီယံ-တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
“၂၀၂၄-ခုနှစ်၊ အာဆီယံ-တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား” သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် H.E Shen Yiqin ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E KikeoKhaikhamphitoun၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် အပါအဝင် ဖိတ်ကြားထားသော နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖေါ်ဝါရီ ၁ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၄-ခုနှစ်၊ အာဆီယံ-တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ်အထိမ်းအမှတ် Logo မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖူးကျန့်ပြည်နယ်အစိုးရမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဖေဖေါ်ဝါရီ ၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် H.E Shen Yiqin နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး Fuzhou Strait International Conference and Exhibition Center Lobby တွင် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Fuzhou Strait International Conference and Exhibition Center Multi-Function Hall တွင် ကျင်းပပြုလုပ်သော “၂၀၂၄-ခုနှစ်၊ အာဆီယံ- တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် အာဆီယံ အဖွဲ့ကြီး၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပေါင်းကူးတံတား တည်ဆောက်ရေးတွင် ပြည်သူနှင့် ပြည်သူအကြား အပြန်အလှန် ဖလှယ်မှု မြှင့်တင်ရေး၏ အရေးပါမှုကို အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထုံးတမ်းစဉ်လာများနှင့် မတူကွဲပြားမှုများသည် အာဆီယံဒေသကြီး၏ အရောင်အသွေးစုံလင်သော ပန်းချီကားချပ်ကြီးကို ပုံဖော်ပေးနေသည့်အရာများဖြစ်သည့်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးနှင့် ပြည်သူများအကြား နားလည်မှု အပြန်အလှန် မြှင့်တင်ရေးသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိသည့် အစီအစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ အာဆီယံ - တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ် အစီအစဉ်ကြီးမှတစ်ဆင့် မိမိတို့၏မတူကွဲပြားသော လူမှုအဖွဲ့အစည်းအကြား ညီညွတ်ချစ်ကြည်မှု၊ အပြန်အလှန် လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Empark Exhibition Grand Hotel ၌ ပြည်ပနိုင်ငံများ နှင့် ရင်းနှီးချစ်ကြည်မှုဆိုင်ရာ တရုတ်ပြည်သူများ အသင်းကြီးမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲ သို့တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ ထိန်းသိမ်းမြှင့်တင်ရေး၊ အပြန်အလှန် လေးစားမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်ရေးများ အရေးပါမှုကို သိရှိနားလည်ကြသည့် အားလျော်စွာ အာဆီယံ-တရုတ် ပြည်သူများအကြားဖလှယ်ရေးကဲ့သို့သော အစီအစဉ်များမှ သံတမန်ဆက်ဆံမှုများအပြင် ပြည်သူများ၏ ဘဝများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိစေမည့် ရေရှည်ချိတ်ဆက်မှုများကို ဖန်တီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ ကိုယ်စားလှယ်များနှင့်အတူ Maritime Silk Road Culture Square တွင် ကျင်းပသည့် ASEAN-China Spring Festival Carnival သို့ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် Fujian Lakeside ဟိုတယ်၌ ကျင်းပသော Pot - side Chats “Time for Tea, Time for us” အစီအစဉ်သို့လည်ကောင်း၊ ဖူးကျန့်ပြည်နယ်၏ လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့လည်းကောင်း၊ ညပိုင်းတွင် Fujian Theatre ၌ ကျင်းပပြုလုပ်သည့် “ The Dream of the Maritime Silk Road” တေးဂီတ ဖျော်ဖြေပွဲသို့ လည်းကောင်း တက်ရောက်ခဲ့သည်။
ဖေဖေါ်ဝါရီ ၃ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်အဖြစ် Fuzhou Hotspring Park, Three Lanes and Seven Alleys သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေ၊ “Vision 3820” မဟာဗျူဟာစီမံကိန်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပြပွဲနှင့် Yantai Mountain သမိုင်းဝင်နယ်မြေများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ လေ့လာရေး ခရီးသွားရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်