ရန်ကုန် ဇန်နဝါရီ ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
ထို့နောက် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာထောက်စာမ ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် အာဂုံပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်ကြာ ကျင်းပလျက်ရှိပြီး ယနေ့တွင် အဘိဓမ္မာ(ဒုတိယပိုင်း) ၁ ပါး၊ ဒီဃနိကာယ် ၇ ပါး၊ ဝိနည်း(ဒုတိယပိုင်း) ၂၈ ပါး၊ ဝိနည်း(ပထမပိုင်း) ၂၉ ပါး၊ စုစုပေါင်း ၆၅ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပခဲ့သည် ၇၆ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် ၁၅ ပါး ပေါ်ထွန်းခဲ့ရာ၎င်း ၁၅ ပါးအနက် ၅ ပါးပျံလွန်ခဲ့ပြီး သက်ရှိထင်ရှား ၁၀ ပါးရှိကြောင်းနှင့် ပိဋကသုံးပုံ အာဂုံဆောင် တိပိဋကဓရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး ပေါ်ထွန်းခဲ့ရာ ၎င်း ၇ ပါး အနက် ၁ ပါး ပျံလွန်ခဲ့ပြီး သက်ရှိထင်ရှား ၆ ပါးရှိကြောင်း သိရသည်။
သတင်းစဉ်