ရန်ကုန် နိုဝင်ဘာ ၂၁

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် “(၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်”သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

 

အဆိုပါ ဖိုရမ်သို့ BRICS Institute၊ Shanghai Cooperation Organization ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း (၇၀)ကျော်မှ ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များ ပါဝင်တက်ရောက်ကြပြီး ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာကဏ္ဍများကို ခေါင်းစဉ်(၈)ခုခွဲ၍ သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေး ခဲ့ကြသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ (၁၆) ရက်တွင် ဖိုရမ်သတ်မှတ်ခေါင်းစဉ်တစ်ခုဖြစ်သည့် Learning History through Culture၊ Historical Memory and Artistic World၊ Historical Heritage as a Formative Environment ကဏ္ဍများသို့ တက်ရောက်ခဲ့သည်။

 

မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နိုဝင်ဘာ (၁၇) ရက်တွင် ဖိတ်ကြား ထားသည့် နိုင်ငံ (၄၁)နိုင်ငံမှ နိုင်ငံကိုယ်စားပြု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova က မိတ်ဆွေနိုင်ငံများ အနေဖြင့် အနာဂတ်ကာလများ၌ ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမန်ခင်းလုပ်ငန်းများက လက်ရှိအခြေအနေများ၊ အရေးကိစ္စများကို အဖြေရှာရန် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များက မိမိတို့၏ ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလ၌ ဤဖိုရမ်ကို ကျင်းပခြင်း သည် ဒေသတွင်းယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါတန်ဖိုးရှိမှုကို နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ များများပြုလုပ်ပါက မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုနားလည် သဘောပေါက် လာမည်ဖြစ်ပါကြောင်း၊ နားလည်မှုနှင့်နက်ရှိုင်းသည့် ဆက်ဆံရေးကို ပိုမိုတည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ဖိုရမ်သည် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍအတွက် မူဝါဒရေးဆွဲခြင်း၊ ရေးဆွဲပြီးသည့် မူဝါဒများကို အကောင်အထည်ဖော်ခြင်းတို့နှင့်စပ်လျဉ်းပြီး အတွေးအခေါ်၊ အယူအဆများ၊ အတွေ့အကြုံများ ဖလှယ်မြှင့်တင် ဆောင်ရွက်ရန်အတွက် အဓိကကြိုးပမ်း ဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က နိုင်ငံတကာယဉ်ကျေးမှု ဖိုရမ်သို့ တက်ရောက်လာသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ အနုပညာရှင် များနှင့် တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်သည်။

 

အဆိုပါ အခမ်းအနား၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်က မိန့်ခွန်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ပညာရှင်များနှင့်ကိုယ်စား လှယ်များ၏ဆွေးနွေး မေးမြန်းချက် များကို ရင်းနှီးခင်မင်စွာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ(၁၈)ရက်တွင် စိန့်ပီတာစဘတ်မြို့ State Heritage Museum ၌ ကျင်းပသည့် The Heritage Award Ceremony သို့တက်ရောက်ခဲ့ပြီး State Heritage Museum အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

 

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ Mikhailovsky Theatre ဇာတ်ရုံ၌ ဖိုရမ်အား ဂုဏ်ပြုတင်ဆက်သည့် Opera and Ballet Stars Gala ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲ၊ State Academy Mariinsky Theatre ပြဇာတ်ရုံ၌ တင်ဆက်သည့် Concert နှင့် Capella ပြဇာတ်ရုံ၌ တင်ဆက်သည့် ရုရှားသံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်လာသည့်  နိုင်ငံများမှ  ဝန်ကြီးများ၊ ပညာရှင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)