ညောင်ဦး ဒီဇင်ဘာ ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက်ပိုင်းတွင် ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီးပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံ သောအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ထပ်မံဖြည့်စွက်ပြီး Master Plan ကို သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများက ရွှေစည်းခုံစေတီတော်မြတ်ကြီးအတွက် Master Plan ကို အကောင်းဆုံဖြစ်အောင် ကူညီရေးဆွဲပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မြန်မာနိုင်ငံဗိသုကာ ကောင်စီဥက္ကဋ္ဌတို့က Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ အချက်အလက်များ ကောက်ယူပြီးစီးမှုနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အဖွဲ့(၁)၊ အဖွဲ့ (၂)၊ အဖွဲ့(၃)၊ အဖွဲ့(၄)တို့က လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွာဟောင်းကြီး ဘုရား၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေး နားလည်မှုသဝဏ်လွှာ MoU အရ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရားစေတီ(၁၁)ဆူ၏ (လုပ်ငန်း ၂၂)ခု လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံ ကောင်စစ် ဝန်ချုပ်တို့က အမှာစကားပြောကြားကြပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းကျောက်စာကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ရှေးဟောင်းအဆောက်အအုံ၊ ဘုရားစေတီ(၁၁)ဆူတို့၏ အဆောက် အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းစသည့် အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင် ထိန်းသိမ်းမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ဧည့်သည်တော်များသည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင်ကျောင်းနှင့် သိကြားပုန်း ဘုရားများသို့ သွားရောက်လေ့လာကြည့်ရှုရာ အိန္ဒိယပညာရှင်များက အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ပုဂံဒေသရှိငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်း အဆောက်အအုံ၊ ဘုရားစေတီ (၇၂)ဆူ (လုပ်ငန်းအားဖြင့် ၈၉) ခု ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု ဆိုင်ရာ နားလည်မှုသဝဏ်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်၊ မေ ၁၁ ရက်က နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ ရှေးဟောင်းအဆောက်အအုံ၊ ဘုရားစေတီ (၇၂)ဆူကို Phase-1, Phase-2, Phase-3 (၃)ပိုင်းခွဲ၍ (၁၀)နှစ်စီမံကိန်းဖြင့် အဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်မှ စတင်၍ Phase-1 အဖြစ် ရှေးဟောင်း အဆောက်အအုံ၊ ဘုရားစေတီ စုစုပေါင်း (၁၂)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယသမ္မတနိုင်ငံအစိုးရ အကူအညီဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနဌာနမှ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရှေးဟောင်း အဆောက် အအုံစုစုပေါင်း (၁၂)ဆူအနက် ရှေးဟောင်းအဆောက်အအုံ၊ ဘုရားစေတီ (၁၁) ဆူ၏ (လုပ်ငန်း ၂၂)ခုကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် လုပ်ငန်း ပြီးစီးမှုကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့Aureum Palace Hotel တွင် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


