နေပြည်တော် ဇူလိုင် ၁၁
ဆဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယ စာတော်ပြန်ပွဲ စာအောင်အရှင်သူမြတ်များ အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း ဂုဏပူဇာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာရေးနှင့် ယဉ်ကေျးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏ ပဓာန ဦးဆောင်ဆရာတော် ကော့ကရိတ်မြို့ ကော့ဝါလဲကျေးရွာ အေးချမ်းသာယာဆရာတော် ဘဒ္ဒန္တ ကဝိနန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏ နာယကဆရာတော် တောင်တွင်းကြီးမြို့ ဆတ်သွားကျေးရွာ၊ ဂန္ဓာရုံဘုံကျော်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသ က သာရဏီယ ဩဝါဒ ကထာ မြွက်ကြားချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း ဉက္ကဋ္ဌက ဖြေဆိုအောင်မြင်မှု အခြေအနေများကို လည်းကောင်း လျှောက်ထားတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဘိဝိနယာစရိယ စာတော်ပြန်ပွဲ စာအောင် အရှင်သူမြတ်များအား အောင်လက်မှတ်များ ဆက်ကပ်ပြီး ဘွဲ့နှင်းနာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရန်အောင်မြင်ကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာနန္ဒထံမှ အနုမောဒနာတရား နာကြားကြသည်။ 
ယနေ့ကျင်းပသော ဆဋ္ဌမအကြိမ် အဘိဝိနယာစရိယ စာတော်ပြန်ပွဲကို ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရေး စောင့်ရှောက်ထိန်းသိမ်းရာတွင် ဝိနယ ဂရုက လဇ္ဇီ ပေသလ သိက္ခာကာမ အရှင်သူမြတ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ခက်ခဲနက်နဲသည့် ဝိနည်းအဆုံးအဖြတ် မေးခွန်းများကို ကျမ်းပြုစုရသည့်ပမာ ဖြေဆိုစေခြင်းမှ အောင်မြင်တော်မူခဲ့သော စာအောင်အရှင်သူမြတ်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်း ဂုဏပူဇာအခမ်းအနား၌ ပထမအဆင့်တွင် ရဟန်း ၁၆ ပါး၊ သာမဏေ ၂ ပါး၊ ဒုတိယအဆင့်တွင် ရဟန်း ၂ ပါး၊ သာမဏေ ၁ ပါးနှင့် တတိယအဆင့်တွင် ရဟန်း ၁ ပါးတို့အား အောင်လက်မှတ်များ ဆက်ကပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်