နေပြည်တော် စက်တင်ဘာ ၁၉
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရတနာစံကျောင်းတိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်ကျောင်းများမှ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဇေယျာသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် စည်ပင်သာယာရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ရတနာစံ ပရိယတ္တိစာသင်တိုက်၊ စည်ပင်သာယာ ရွာဦးကျောင်း၊ ဓမ္မပါလကျောင်း၊ သာစည်ကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်း (ကျောက်ချပ်ရွာ) နှင့် မဟာသေဋ္ဌနာဒမင်းကျောင်း၊ ရွှေသာလွန်းဘုရားကြီးကျောင်း၊ ရွာသစ်ကျောင်း၊ ရှမ်းကျောင်း၊ ကျွန်းရောင်းရွာဦးကျောင်း၊ ဣန္ဒာကာရာမလေသာကျောင်း၊ သီရီရတနာဒုန်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မိုးကောင်းတောရကျောင်း၊ မြကန်သာကျောင်း၊ အောင်သပြေကျောင်း၊ စိမ်းစားပင်ကျောင်း၊ ရတနာ့ဂုဏ်ရည်ကျောင်း၊ ထိန်ပင်ကျောင်း၊ စည်ပင်ကြီးကျောင်း၊ သာယာကုန်းကျောင်း၊ သာယာစုကျောင်း၊ မိုဃ်းကောင်းကျောင်း၊ ကြို့ပင်ဆိပ်ကျောင်း၊ သီရိမင်္ဂလာကျောင်း၊ မွန်းတည့်ခွင်ကျောင်း၊ ရွာသစ်ကြီးစာသင်တိုက်၊ သာယာဝှမ်းကျောင်း၊ ပညာအလင်းရောင်ကျောင်း၊ ကျည်တောင်ရွာဦးကျောင်း၊ ညောင်ပင်ကြီးကျောင်း၊ ဥတ္တမာရုံကျောင်း၊ ရွှေပေးကျောင်း၊ ကြို့ပင်ကျောင်း၊ ပညာ့ဗိမာန်ကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်း (သာယာကုန်းကျေးရွာ)၊ သာသနာ့ဇောတိကကျောင်း၊ ရွှေသင်းဖြူး၊ ရွှေကံ့ကော်ကျောင်း၊ ချောင်းကမ်းကြီးကျောင်းနှင့် ဓမ္မသုခလယ်ပြင်ဦးကျောင်းတို့မှ ဆရာတော် သံဃာတော်များနှင့် ဇေယျမဏ္ဍိုင်သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီးအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ၊ အရှင်ဂဝမ္ပတိ မထေရ်စာအုပ်များကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် ရေဘေးကိုတားဆီးတော်မူခဲ့သော အရှင်ဂဝမ္ပတိ မထေရ်မြတ်၏ ဂဝမ္ပတိတ္ထေရဂါထာတော်ကို နာယူကြည်ညို၍ စည်ပင်သာယာ ရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓသာသနာပြုဓမ္မရိပ်သာမဟာဗောဓိမြိုင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေလာသအား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ၊ ဂဝမ္ပတိတ္ထေရဂါထာတော် စာအုပ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး မဟာဗောဓိမြိုင်တရားရိပ်သာတွင် ရေဘေးရှောင်နေသော နေပြည်တော်ကောင်စီနယ်မြေ၊ အောင်သာရွာ၊ သာစည်ရွာ၊ ရွှေတွင်းကုန်းရွာနှင့် အေးမြင့်သာယာရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြား၍ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၁၀၈ ဆူ၊ အစားအသောက်များနှင့် အိမ်ထောင်စုတစ်စုချင်းအလိုက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရှိခဏကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတိက္ခာစာရအား ဖူးမြော်ကြည်ညို၍ ဂဝမ္ပတိတ္ထေရဂါထာတော်စာအုပ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး မရှိခဏကျောင်း၌ ရေဘေးရှောင်နေသော နေပြည်တော်ကောင်စီနယ်မြေ၊ သူရဲသမိန်ရွာနှင့် ဇီးကုန်းရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားကာ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၁၀၈ ဆူ၊ အစားအသောက်များနှင့် အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်း ၃၈ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၃၉ ကျောင်းရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေကျပ် ၇၈ သိန်းနှင့် ရေဘေးသင့်ဒေသခံများအား ထောက်ပံ့ငွေကျပ် ၁,၆၄၀,၀၀၀/- လှူဒါန်းခဲ့သည်။ ထို့ပြင် စင်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၉ ရက်တို့တွင် ရေဘေးရှောင် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း၊ စုစုပေါင်း ၉၄ ကျောင်းတို့အား ဝတ္ထုငွေ ၁၈၈ သိန်းကျပ် နှင့် သင်္ကန်း ၅၆၄ စုံ၊ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၄၈၆ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်၊ ဆပ်ပြာမှုန့် စသည့် ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်