နေပြည်တော်     ဇူလိုင်      ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဆရာဒကာ ကျောင်းများ၌ မန်ကျည်းပင်နှင့် တမာပင်များ စိုက်ပျိုးခြင်း၊ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆရာဒကာကျောင်း ၈ ကျောင်းရှိပြီး ဦးစီးဌာနများအနေဖြင့် ရုံးပိတ်ရက်များတွင် မိမိတို့ ဆရာဒကာ ကျောင်းများ၌ သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မိုးရာသီ ကာလဖြစ်၍ သစ်ပင်စိုက်ပျိုးမှုပါ တစ်ပါတည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် အနည်းဆုံး အရိပ်ရရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မည်၊ လေထုညစ်ညမ်းမှု၊ အပူလွန်ကဲမှုကို ကာကွယ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့်သစ်ပင်များ ရှင်သန်ကြီးထွားစေရန် ထိန်းသိမ်းစောင့်ရှောက် မှုများ လုပ်ဆောင်သွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာဒကာကျောင်းဖြစ်သော နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၌ လည်းကောင်း၊ တချိန်တည်းတွင် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့ အင်တိုင်းသာကျောင်း၌ လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများသည် ချမ်းမြေ့ရိပ်သာကျောင်း၌လည်းကောင်း မန်ကျည်းပင်နှင့် တမာပင်များ စိုက်ပျိုး ပေးကြပြီး ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုနှင့် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)