နေပြည်တော် ဇူလိုင် ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၄၃ လက်မ Kiosk ၁ လုံး၊ ၁၈ လက်မ သံမောင်း ၁ လုံးနှင့် ၁ဒသမ ၅ ပိဿာ ကြေးမောင်း ၁ လုံးတို့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ရှင်းလင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က Kiosk ၁ လုံးနှင့် မောင်း ၂ လုံး လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဘုရားဖူးပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား နိုင်ငံတကာအဆင့်မီ Digital ခေတ်မီနည်းစနစ်များဖြင့် ပြသနိုင်ခြင်းဖြင့် ပြည်သူလူထုနှင့် ကမ္ဘာ့လှည့် ခရီးသွားများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၄၃ လက်မ Kiosk ၁ လုံးအား လှူဒါန်း ရခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းရာတွင် ယက္ကန်းပြိုင်ပွဲ၌ အသုံးပြုရန်အတွက် ၁၈ လက်မ သံမောင်း ၁ လုံးနှင့် ၁ ဒသမ ၅ ပိဿာရှိ ကြေးမောင်း ၁ လုံးတို့အား လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တန်ဖိုးငွေကျပ် ၆,၄၇၃,၉၀၀ ရှိသည့် Kiosk ၁ လုံး၊ သံမောင်း ၁ လုံးနှင့် ကြေးမောင်း ၁ လုံးတို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်ဦးသန့်ဆွေ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


