ညောင်ဦး ဇန်နဝါရီ ၁၁ 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီတော် ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan) ရေးဆွဲနိုင်ရေး ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ 
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် ‌ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ကောင်စီ၊ မြန်မာသမိုင်းအဖွဲ့စသည်တို့မှ ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရွှေစည်းခုံစေတီတော် Master Plan (မူကြမ်း) ပေါ်ထွက်လာရေးအတွက် ဆွေးနွေးမှုများအရ ထပ်မံဖြည့်စွက်ရမည့် အချက်များ၊ ပြင်ဆင်ရမည့်အချက်များကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်းနှင့် ရေးဆွဲပြီးစီးပါက နိုင်ငံတော်အကြီးအကဲထံ အတည်ပြုချက်ရယူပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ဆက်စပ်ဌာနဆိုင်ရာများက ရွှေစည်းခုံစေတီတော် Master Plan ကို အကောင်းဆုံးဖြစ်အောင် ကူညီရေးဆွဲပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘက်စုံလွှမ်းခြုံသောလုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲလျက်ရှိသောအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမ မဟာရံတံတိုင်းအတွင်းရှိ အရံစေတီများ၊ နှောင်းခေတ်လက်ရာစေတီများ၊ ဗိမာန်၊ တန်ဆောင်း၊ သာသနိကအဆောက်အအုံများ၊ မဟာရံတံတိုင်းအတွင်း၊ အပြင်နှင့် စေတီတော် ပရဝဏ်မြောက်ဘက်ရှိ ဧရာဝတီမြစ်ဆိပ်အနီး ဆင်းသည့် ရှေးဟောင်းအုတ်လှေကား၊ သရပါတံခါးအနီး ကျုံးကူးတံတား (Box Culvert) ပြုလုပ်မည့်အစီအစဉ်ကိုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ပုဂံမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့အတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထင်ကရဘုရား (၁၄) ဆူတွင် Touch Screen ဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ ထားရှိပြီး Pagoda Digital Directory Portal ထဲတွင် ထည့်သွင်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်ကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိက ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် Pagoda Digital Directory နှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်