မန္တလေး ဧပြီ ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြို့ ဆုတောင်းပြည့်စေတီ၊ ပဟိုရ်စင်၊ စွယ်တော်စင်၊ ဥပုသ်တော်ဆောင်၊ မန္တလေးနန်းမြို့ရိုး၊ မဟာမုနိဘုရား နှင့် ထိခိုက်ပျက်စီးသော စေတီ၊ ဘုရားများအား ကြည့်ရှုစစ်ဆေး သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နန်းမြို့ဆုတောင်း ပြည့်စေတီတော်၊ စွယ်တော်စင်နှင့် ဥပုသ်တော်ဆောင်တို့ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှုကို လည်းကောင်း၊ ပဟိုရ်စင်ပျက်စီးမှုနှင့် ယာယီ အမိုးပြုလုပ်ထားမှုကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြနန်းစံကျော် ရွှေနန်းတော်ကြီးကို လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နန်းမြို့ရိုး ၄၈၃၉ ပေ၊ သူရဲခို ၁၂၅၅ လုံး၊ မြို့ရိုး ဝင်ပေါက်ပြအိုးနှင့် ပြာသာဒ်ဆောင် ကိုးခု၊ မီးတား ၁၂ ခုတို့မှ အုတ်ကျိုးအပိုင်းအစများ၊ နံရံ အောက်ခြေရှိ အုတ်ခဲကျိုးအပိုင်းအစများကို အပြီးသတ်ရှင်းလင်းခြင်း၊ သစ်သားပြာသာဒ်များ၏ ထီးတော်တိမ်းစောင်းမှုများ တည့်မတ်ခြင်း လုပ်ငန်းများကို တပ်မတော်မှ အရာရှိ၊ အရာခံ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားအာရုံခံတန်ဆောင်း၊ မုခ်ဦးများ ရှင်းလင်းထိန်းသိမ်းမှုများကို လည်းကောင်း၊ အာနန္ဒာဘုရား၊ ဘုရားနီဘုရား၊ အရိပ် မထွက်ဘုရားနှင့် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးမှုအခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်ပရိယတ္တိ တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ကေသရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်