မန္တလေး မေ ၂

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာဂန္ဓာရုံဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်မင်းကြီး ဘုရား၊ ရွှေကူကြီးဘုရား၊ ပုထိုး တော်ကြီးဘုရားနှင့် တောင်သမန် ကျောက်တော်ကြီးဘုရားများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်အဖွဲ့သည် နိုင်ငံတာ်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)၌ ကျင်းပ ပြုလုပ်သည့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘုရား၊ စေတီများ၌ ဌာပနာရန် ဆင်းတုတော်၊ စေတီတော်၊ ဓမ္မ စေတီတော်၊ ဓာတ်တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတာ် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရ အမှူးပြုသည့် ပါမောက္ခ / ဌာနမှူး ဆရာတော် ကိုးပါးတို့က ဆင်းတုတော်၊ စေတီတော်၊ ဓာတ်တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပါမောက္ခ ချုပ် ဆရာတော်ကြီးထံမှ ငါးပါး သီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုကာ ရေစက်သွန်းချ၍ အမျှပေးဝေကြသည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဣန္ဒောဘာသာဘိဝံသ ဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညို ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်မင်းကြီးဘုရား၊ ရွှေကူကြီးဘုရား၊ မဟာဝိဇယရံသီ ပုထိုးတော်ကြီး၊ တောင်သမန်ကျောက်တော်ကြီးဘုရားတို့ကို ကြည့်ရှုစစ်ဆေးပြီး အမရပူရမြို့၏ သမိုင်းဝင်ကြီးလေးကြီး ဘုရားများဖြစ်သည့်အတွက် စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးရန်မှာကြားခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်