နေပြည်တော် ဧပြီ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ် သင့်ခဲ့သည့် ပျက်စီးမှုအနည်းငယ်ရှိသော အပြာရောင်အဆင့်ရှိ တိုက် အမှတ် ၁၁၁၂၊ တိုက်အမှတ် ၂၃၁၀၄၊ တိုက်အမှတ် ၃၃၁၁၃ တို့သို့သွားရောက်၍ အပေါ်ယံအင်္ဂတေကွာကျမှုအခြေအနေများ၊ အသေးစားပြန်လည်ပြင်ဆင်ရန် လိုအပ်မှု အခြေအနေများ၊ လျှပ်စစ်မီးရရှိမှု၊ ရေရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုင်စင်ရအင်ဂျင်နီယာဖြင့် စနစ်တကျ စစ်ဆေးပြုပြင်မှုများ အမြန်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးမရရှိသေးသည့် တိုက်အမှတ် ၂၃၁၀၄ တွင် လျှပ်စစ်မီးရရှိရေး၊ ရေမရရှိသေးသည့်တိုက်များသို့ ရေကားများဖြင့် ရေဖြန့်ဝေပေးရေးတို့ကို အမြန်စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် ဝန်ထမ်းများနေထိုင်နိုင်သည့် အခန်းများတွင် ဝန်ထမ်းများနေထိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဖြစ်ပေါ်လာသောအခြေအနေအပေါ် အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ မမျှော်လင့်သော်လည်း ကြုံတွေ့နေရမည်ဖြစ်ကြောင်း၊ မိမိတို့အားထားရမည့် အရာမှာ မိမိတို့ပြုမူဆောင်ရွက်သည့် ကုသိုလ်ကောင်းမှုမှတစ်ပါး အခြားမရှိနိုင်ပါကြောင်း၊ ကုသိုလ်ကောင်းမှု အမြဲပြုလုပ်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား သွားကြရန်ဖြစ်ကြောင်း စသည်ဖြင့် အားပေးစကား ပြောကြားသည်။ ထို့နောက် ယာယီ Basha တဲများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နေမှုအခြေအနေ၊ ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းပေးမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေထိုင်ရန် ရုံးအမှတ် ၃၁၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် မြေနေရာတွင် Basha တဲများဆောက်လုပ်နိုင်မည့် မြေနေရာအား အသေးစိတ်လိုက်လံကြည့်ရှုပြီး Basha တဲဆောက်လုပ်နိုင်ရန် အတွက် မြေညှိရမည့်အခြေအနေများ၊ ရေ၊ မီး၊ မိလ္လာ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ Basha တဲများ ဆောက်လုပ် ရာတွင် ဆောက်လုပ်မည့်ပတ်ဝန်းကျင်ရှိ အရိပ်ရသစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းမပြုဘဲ ယာယီ Basha တဲများဆောက်လုပ်ရန်၊ Basha တဲဆောက်လုပ်မည့် မြေနေရာများအား site plan ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေထိုင်နိုင်ရန်အတွက် Basha တဲဆောက်လုပ်မည့် ဓနသိဒ္ဓိရပ်ကွက်ရှိ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက် ပရိဝုဏ်အတွင်း၌ စက်ယန္တရားဖြင့် မြေညှိနေမှုများအားလည်း ကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ မဟာပရဟိတဖွံ့ဖြိုးရေးဥယျာဉ်အတွင်း၌ သာသနာရေးဦးစီးဌာန ဝန်ထမ်းများယာယီ ရွှေ့ပြောင်း နေထိုင်နိုင်ရန်အတွက် Basha တဲ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးရရှိမှု အခြေအနေ၊ ရေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်