နေပြည်တော် ဩဂုတ် ၁၈

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်ကို ဆက်ကပ်လှူဒါန်းသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မဟာသီဟနာဒ ကျောင်းတိုက် ပဓာနနာယကဆရာတော်က မိတ်ကျင့်မြဲမြံ၊ ဇွဲအားသန်၊ သည်းခံရောင့်ရဲသူ ဆိုသည့်အတိုင်း မိတ်ဆွေ ကျင့်ဝတ်မြဲခြင်း၊ မည်သည့်အလုပ်မဆို ဇွဲကောင်းခြင်း၊ သည်းခံနိုင်ခြင်း ဂုဏ် မျိုးဖြင့်ပြည့်စုံပါက လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဂုဏ် မျိုးပြည့်စုံသည့်ပုဂ္ဂိုလ်သည် ကောင်းဂုဏ်ရနံ့ ဘုံအနှံ့ ထွန်းပျံ့တစ်လူလူဖြစ်မည်ဖြစ်ကြောင်း၊ ကိုယ့်စိတ်အကြံ ကိုယ့်ဓိဌာန် နိဗ္ဗာန်လွယ် လွယ်ကူဆိုသည့်အတိုင်း ဘုရားသာသနာတော် အဓိကပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်ကြောင်း မိမိစိတ်၊ မိမိဓိဌာန် တို့ကို ဇွဲကောင်းကောင်းဖြင့် ဂုဏ် မျိုးနှင့်အညီ ဆောင်ရွက်ပါက ဘာမဆို မဖြစ်နိုင်ဟူ၍ မရှိကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်အား ပူဇော်ခွင့်ရရှိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ်ကြောင်း ဩဝါဒမိန့်ကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာန နာယကဆရာတော်အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်နှင့် နဝကမ္မဝတ္တု ငွေများ ဆက်ကပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစက္ခဏဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြညို၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်ကို ဆက်ကပ်လှူဒါန်းသည်။

 

အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်က အစွန်းနှစ်ပါးရှောင်ကြဉ်၍ မဇ္ဈိမပဋိပဒါ လမ်းစဉ်၊ မဂ္ဂင်ရှစ်ပါးလမ်းစဉ်တို့နှင့်အညီ ကျင့်ကြံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာမဂ္ဂင်နှစ်ပါး၊ သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင် သုံးပါးတို့ကို သတိတရားလက်ကိုင်ထား၍ ကျင့်သုံးလိုက်နာဆောင်ရွက် မည်ဆိုလျှင် လုပ်ငန်းကိစ္စ အဝဝ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ပုံတူဆင်းတုတော်အား ပူဇော်ခွင့် ရရှိသဖြင့် ဝမ်းမြောက်နုမော် သာဓုခေါ် ပါကြောင်း ဩဝါဒမိန့်ကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတူဆင်းတုတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ 

(သတင်းစဉ်)