မန္တလေး ဩဂုတ် ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၊ ဓမ္မသဟာယသာသနစင်တာ မဟာသုဗောဓာရုံကျောင်းတိုက် ကြီးများ၏ ပဓာနနာယက၊ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်နှင့် နိုင်ငံတော် ဩဝါဒါစရိယ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ(ပြင်ဦးလွင်) ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်တို့ သီတင်းသုံးရာ ကျောင်းတိုက်များသို့သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ မထေရ်မြတ်က ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်တွင် ပိဋကတ် ၃ ပုံ၊ ပါဠိတော်အုပ်ရေ ၄၀ ကို ကျောက်စာချပ်များပေါ် ကျောက်ထက် အက္ခရာတင် ထိန်းသိမ်းထားခြင်း၊ ပရိယတ္တိသာသနာတော်၏ အဓိကအရင်းအမြစ်ဖြစ်သည့် ပရိယတ္တိစာပေများသင်ကြားမှု၊ သင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်း၊ ဓမ္မာစရိယ စာမေးပွဲ၊ တိပိဋကစာမေးပွဲများ ကျင်းပပေးလျက်ရှိခြင်း ပိဋကတ် ၃ ပုံ၊ အုပ်ရေ ၄၀၊ စာမျက်နှာ ၁၅၀၀၀ ကျော်၊ အဋ္ဌကထာ ၅၂ အုပ်၊ ဋီကာ ၂၆ အုပ်တို့ကို စဉ်ဆက်မပြတ် သင်ကြားပိုချသည့် စာသင်တိုက်ကြီး များရှိနေခြင်းကြောင့် ပရိယတ္တိသာသနာကွယ်ပျောက်ရန်မရှိကြောင်း၊ ပိဋကတ်စာပေများ နှင့်ပတ်သက်၍ လေ့လာသင်ယူရုံသာမက ဗုဒ္ဓတရားတော်များသည် Applied Method ဖြင့် လိုက်နာကျင့်သုံး အသုံးချရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များသည် အဘိဓမ္မာနှင့် ပါဠိကျွမ်းကျင်သည့် အတွက် ပြည်ပရဟန်းတော်များမှ လေးစားကြည်ညိုကြကြောင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို မပျောက်ပျက်ရလေအောင် ပြည်ပနိုင်ငံများ၏ အစဉ်အလာဥပဒေများကို နားလည်ထားမည်ဆိုပါက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော် ဩဝါဒါစရိယ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ(ပြင်ဦးလွင်) ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်ကြီး သီတင်းသုံးရာ ကျောင်းတိုက်သို့သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာ တော်ကြီးထံမှ ဩဝါဒခံယူသည်။
(သတင်းစဉ်)