နေပြည်တော် အောက်တိုဘာ ၅
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သရက်တောပရိယတ္တိစာသင်တိုက်၌ ရေဘေးရှောင်နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၂၆ ကျောင်းမှ ဆရာတော်သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သရက်တော ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တတ်ရောက်ကြသည်။
အခမ်းအနားတွင် သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ မြို့နယ်သံဃနာ ယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရေဘေးရှောင်ကျောင်းတိုက်များမှ ဆရာတော်ကြီးများ ကို သင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် အရှင်ဂဝမ္ပတိမထေရ်စာအုပ်များကို ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် လယ်ဝေးမြို့ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယနေ့ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ သရက်တော ပရိယတ္တိ စာသင်တိုက်နှင့် ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းအတွက် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေကျပ် ၅၆ သိန်း ၅ သောင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့် ယနေ့ အချိန်အထိ ရေဘေးရှောင် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၇၆ ကျောင်းအတွက် ဝတ္ထုငွေကျပ် ၄၀၃ သိန်း ၊ သင်္ကန်း ၁၃၁၃ စုံ၊ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၇၀၂ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်၊ ဆပ်ပြာမှုန့် စသည့်ဝတ္ထု ပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


