ရန်ကုန် ဒီဇင်ဘာ ၂၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ရောက်ရှိပြီး စေတီတော် တောင်ဘက်မုခ် ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်ကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး၌ တွေ့ဆုံရာ အလှည့်ကျသဘာပတိ ဦးထိန်ဝင်းနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ အတွက် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု၊ နိုင်ငံတော်အကြီးအကဲ မှာကြားခဲ့သည့် လုပ်ငန်းလမ်းညွှန်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရွှေတိဂုံ စေတီတော်မြတ်ကြီးရှိ သာသနိက အဆောက်အဦများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇ နိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို စေတီတော်ရင်ပြင်ပေါ်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်ထောင်စု ဝန်ကြီးဦးတင်ဦးလွင်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့၏ သံဃပူဇာအဖြစ် ဂေါတမမြတ်စွာဘုရားအား အမှူးထားပြီး ဆရာတော် သံဃာတော် (၁ဝ၈) ပါးနှင့် သီလရှင် (၃၆) ပါးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
သတင်းစဉ်


