ရန်ကုန်၊ ဒီဇင်ဘာ ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရ အမှူးပြုသည့် ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီး ၁၀ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက “မြတ်ဗုဒ္ဓ၏ သာသနာပြုခရီး”ဆိုသည့် ဩဝါဒကထာကို မိန့်ကြားလိုကြောင်း၊ သာသနာပြုသည့်နေရာတွင် အချိန်အခါကို စောင့်ဆိုင်းခြင်း၊ စည်းရုံးရေးအားကောင်းခြင်း၊ အနစ်နာခံနိုင်ခြင်းတို့သည် အလွန်လိုအပ်သည်ဟု သင်ခန်းစာယူကြရမည်ဖြစ်ကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့ စွမ်းအားရှိသမျှ နယ်စပ်တောင်တန်း သာသနာပြု လုပ်ငန်းများကို ပံ့ပိုးပေးကြစေလိုကြောင်း တိုက်တွန်း မိန့်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒောဘာသက ယုံကြည်ချက်မှန်ကန်မှုသည် အရေးကြီးကြောင်း၊ လူသားအားလုံးလျှောက်လှမ်းသည့် ဘဝလမ်းခရီးတွင် လမ်းဖြောင့်လမ်းမှန် အတွက် ယုံကြည်ချက်ဖြင့် လျှောက်လှမ်းလျှင် မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိကြောင်း၊ ယုံကြည်ချက်သည် အုတ်မြစ်ပင်ဖြစ်ကြောင်း၊ ယုံကြည်ချက်ကို အကြောင်းပြု၍ ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်နိုင်ပါစေကြောင်း ချီးမြှင့်သည့် အနုမောဒနာတရားကိုနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


