တောင်ငူ ဇွန် ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ ကေတုမတီမြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးအနီးရှိ ကေတုမတီမြို့ဟောင်း မြို့ရိုးပြန်လည်တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေကို သွားရောက်စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ကေတုမတီတောင်ငူမြို့၏ သမိုင်းကြောင်း၊ မြို့ရိုး၊ ကျုံးများနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားမှု အခြေအနေ၊ ကျုံးနယ်နိမိတ် သတ်မှတ်စိုက်ထူထားသည့် တိုင်များ  ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးတို့၏ လက်ရှိအခြေအနေကိုလည်းကောင်း၊ တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီ တံခါးပေါက်အနီးရှိ ယိုးဒယားပေါက်ကို  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနှင့် ထိန်းသိမ်းစောင့်ရှာက် ထားရှိမှုကိုလည်းကောင်း၊ တောင်ငူကေတုမတီမြို့ရိုး ပန်းချီတံခါးပေါက်မှ တစ်ဆင့်ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေ များကိုလည်းကောင်း လိုက်လံကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မြို့ရိုးနှင့်ကျုံးများသည် မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ဖော်ပြနိုင်သည်သာမက အတိတ်က တောင်ငူဘုရင်များ၏ ဘုန်းတန်ခိုး၊ လက်ရုံးရည်၊ နှလုံးရည်တို့ကို ပြသနေသောကြာင့် တောင်ငူကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များကို ပြန်လည်ဖော်ထုတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ တောင်ငူခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကို ထိန်းသိမ်းမှုဆိုင်ရာ အစည်းအဝေးသို့  တက်ရောက်သည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့တည်၊ နန်းတည်နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပဲခူတိုင်းဒေသကြီး၊ တောင်ငူ မြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ ရှိကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော်က မင်းကြီးညို တည်ထောင်ခဲ့သော ကျုံးနှင့် မြို့ရိုးများ၊ အဆောက်အအုံများကို လက်ရှိအနေအထားထက်  ပျက်ယွင်းမှုမရှိအောင် ပြန်လည်ဖော်ထုတ်ကာ ကွယ်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းနှင့် မင်းကြီးမဟာသီရိဇေယျသူရ မင်းကြီးညို(အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက ရှေးဟောင်းအမွေအနှစ်ဖြစ်သော တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်ပေါက်များကို ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားရန် လိုအပ်သည့် အချက်များကိုလည်းကောင်း၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များနှင့်ဆိုင်ရာ သမိုင်းကြောင်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ တူးဖော်ထိန်းသိမ်း မှုအခြေအနေများကို လည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သမိုင်းဆိုင်ရာသုတေသနပြုရန် လိုအပ်ချက်များကိုလည်းကောင်း၊ သမိုင်းသုတေသီဒေါက်တာမြသောင်းက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းဆိုင်ရာ သုတေသနဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက ခေတ်အဆက်ဆက် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ ထိန်းသိမ်းခြင်း လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်သွားမည့်အစီအစဉ်များကို  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်