နေပြည်တော် စက်တင်ဘာ ၂၃

 

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် မဟာသီဟနာဒကျောင်းတိုက်တွင် ယာယီ ရေဘေးရှောင်နေသော ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သင်္ကန်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါစရိယ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မဟာသီဟနာဒကျောင်း၊ စန္ဓိမာရာမဂိုဏ်း ထောက်ကျောင်း၊ သူဌေးကုန်းကျောင်း၊ ညောင်ပင်သာကျောင်း၊ ရှောက်ကုန်း (မြောက်) မဟာအောင် မြေကျောင်း၊ ဇရပ်ကြီးကုန်းကျောင်း၊ အောင်မြေရိပ်သာကျောင်း၊ ဘိုကုန်း (သာယာအေး) ကျောင်း၊ ကြက်သွန်ခင်းကျောင်း၊ ဖောင်တော်ဦးကျောင်း၊ ဇေတဝန်လွှဘုံကျောင်း၊ နဂါးရုံကျောင်း၊ ထီးလှိုင်ကျောင်း၊ ရွှေမြို့ကြီးဂိုဏ်းထောက်ကျောင်း၊ မြပုဏ္ဏမာကျောင်း၊ ကျောင်းသစ်ကျောင်း၊ အဆုံဇီးကုန်းကျောင်း၊ ကျားသေအိုင် (သာသနာ့ဝေပုလ္လ) ကျောင်း၊ ကမ္မဋ္ဌာန်းကျောင်း၊ ရေလယ်ကွေ့ကျောင်း၊ ရှားတုံးအိုင်းကျောင်း၊ မဟာဗောဓိကျောင်း၊ သာဂရရာမ ပိန်းတောမြောက်ကျောင်း၊ လေးအိမ်စုကျောင်း၊ မိုဃ်းကောင်းဘုရားကျောင်း၊ အောင်ဆုပန်ကျောင်း၊ လက်ပံပုကျောင်း၊ ပိန်းတောတောင်ကျောင်း၊ ဆေကိန္ဒာရာမ (သာယာအေး) ကျောင်း၊ သီရိသုခမိဂဒါဝုန် ဓမ္မရိပ်သာကျောင်း၊ ရေတွင်းဖြူကျောင်း၊ ရွေးစု (အာလောက) ကျောင်း၊ ပျိုးဥယျာဉ်ကျောင်း၊ ခေမာသီဝံ (ချောင်းခြား) ကျောင်း၊ မဟာဗောဓိဂန္ဓာရုံကျောင်း၊ အုတ်ဖိုကျောင်း၊ ရှောက်ကုန်း (တောင်) ကျောင်း၊ နွယ်ရစ်ကျောင်း၊ သိင်္ဂီရတနာကျောင်း၊ သာသနာ့ဂုဏ်ရည်ကျောင်း၊ ဓမ္မဂုဏ်ရည်ကျောင်းနှင့် ဓမ္မ‌ရောင်ခြည်စာသင်တိုက်တို့မှ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား သင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် အရှင်ဂဝမ္ပတိ မထေရ်စာအုပ်များကို ဆက်ကပ် လှူဒါန်းကြသည်။

 

mdn

 

ထို့နောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များက ရေဘေးကို တားဆီးတော်မူခဲ့သော အရှင်ဂဝမ္ပတိ မထေရ်မြတ်၏ ဂဝမ္ပတိထ္ထေရဂါထာတော်အား သုံးကြိမ်ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည်။

 

ယင်းနောက် တပ်ကုန်းမြို့နယ်၊ စန္ဒိမာရာမ ဂိုဏ်းထောက်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဓဇ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေဘေးရှောင်ပြည်သူများအား စောင့်ရှောက်ထားသည့် မဟာဇနကကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏာရဟအား သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆန်၊ ဆီ၊ အရှင်ဂဝမ္ပတိ မထေရ် စာအုပ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်၌ ရေဘေးရှောင်နေသော တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်နှင့် အနော်ရထာရပ်ကွက်တို့မှ ရေဘေးသင့်ဒေသခံ အိမ်ထောင်စုများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းထုတော် ၁၀၈ ဆူ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးရှောင်ပြည်သူများအား စောင့်ရှောက်ထားသည့် ငွေတောင်တောရကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇောတက၊ တိုက်အုပ်ဆရာတော် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညနှင့် နာယကဆရာတော် တပ်ကုန်းမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဘဒ္ဒန္တသောမနတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ၊ အရှင်ဂဝမ္ပတိ မထေရ်စာအုပ်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကျောင်းတိုက်၌ ရေဘေးရှောင်နေသော တပ်ကုန်းမြို့ အောင်ဇေယျရပ်ကွက်၊ မြဝတီရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် နောင်သင်္ခါရပ်ကွက်တို့မှ ရေဘေးရှောင် ဒေသခံအိမ်ထောင်စုများ အတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းထုတော် ၁၀၈ ဆူ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများမှ နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်းနှင့် သီလရှင်ကျောင်း ၇ ကျောင်း စုစုပေါင်း ၅၄ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေကျပ် ၁၀၈ သိန်းနှင့် ရေဘေးရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ငွေကျပ် ၃,၃၃၀,၀၀၀ လှူဒါန်းခဲ့သည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများမှ ယနေ့အချိန်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ၁၄၈ ကျောင်းသို့ ဝတ္ထုငွေကျပ် ၂၉၆ သိန်း၊ သင်္ကန်း ၈၈၈ စုံ၊ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် ၇၀၂ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်၊ ဆပ်ပြာမှုန့် စသည့် ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်