နေပြည်တော် စက်တင်ဘာ ၁၃

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်ပညာရေးကျောင်းများရှိ သံဃာတော်များနှင့် သီလရှင် များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ နာရီတွင် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်တောရကျောင်း ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဧည့်ပရိသတ်များက ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ကြာကန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ကြာကန်ကျောင်း၊ တိုက်ကျောင်း၊ ကံသာယာဓမ္မရိပ်သာကျောင်း၊ ဘုရားကြီး(ငါးစိမ်းအင်း)ကျောင်း၊ ထူးကြီးပရိ ယတ္တိစာသင် တိုက်၊ မဟာဝိသုတာရာမ(အောင်ပန်း)ကျောင်းနှင့် ရွာသစ်ကျောင်း၊ ဆင်ဖြူကျွန်းကျောင်း၊ မဟာဓမ္မ ပါရမီ မိုးကုတ်ရိပ်သာကျောင်း၊ နန်းတော်ရာတပ်ဦးကျောင်း၊ ကောဝိဒါရာမကျောင်း၊ ဆင်တဲကြီးကျောင်း၊ သာသနာ့ ဟိတကာရီ(စက်ကုန်း)ကျောင်း၊ ကြံတဲစု ကျောင်းနှင့် မြောက်ချောင်းကျောင်း၊  တိုက်သစ်ကျောင်း၊ မိုးကောင်းဓမ္မသုခ(ချောင်းစောက်)  ဓမ္မသုခ(လယ်သာ)ကျောင်း၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ကြံဖိုစုကျောင်း၊ မဏိဇောတိကာရုံကျောင်း၊ ကျောင်းစုပရိ ယတ္တိစာသင်တိုက်၊ သာယာကုန်းကျောင်း၊ အေးကျောင်း၊ မေတ္တာသုခကျောင်း၊ သဒ္ဓါရုံကျောင်း၊ သရက်သမိန်ကျောင်း၊ အောင်မေတ္တာကျောင်း၊ ထိန်လင်းကျောင်း၊ သစ္စာအောင်မြေကျောင်းနှင့် သာသနာ့ဥယျာဉ်ကျောင်းတို့မှ ဆရာတော်ကြီး များနှင့် သဒ္ဓမ္မနန္ဒီသီလရှင်ကျောင်းနှင့် ပြင်ကြီးသာသနဝေပုလ္လ သီလရှင်ကျောင်းတို့သို့ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု  ကြာကန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒိယ ဆရာတော် ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။

 

ဆက်လက်၍ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင် ဆရာကြီးများအား ဆင်ဖြူရှင်ရပ်ကွက်ရှိ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရှိခဏကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခာစာရအား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်း၌ ရေဘေးရှောင်နေသော နေပြည်တော်ကောင်စီနယ်မြေ သူရဲသမိန်ရွာနှင့် ဇီးကုန်းရွာတို့မှ ရေဘေး သင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြား၍ အစားအသောက်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်သည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းနှင့် သီလရှင်ကျောင်း ကျောင်း၊ စုစုပေါင်း ၃၃ ကျောင်းရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေ ကျပ် ၆၆ သိန်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)