နေပြည်တော် ၈ စက်တင်ဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဖူလုံရေး၊ ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက် ရေးနှင့် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားပို့ လွှတ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများအပြင် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အာဆီယံ + ၃ နှင့် အရှေ့အာရှနိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံ State for Energy Resources မှ Assistant Secretary Mr. Francis Fannon နှင့် အာဆီယံ - အမေရိကန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ အကြီးတန်းအမှုဆောင်အရာရှိ Mr. Michael Walter Michalak တို့ကို သီးခြားစီတွေ့ဆုံ၍ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


