နေပြည်တော် ၁၂ အောက်တိုဘာ
9th LNG Producer Consumer Conference ကို ယနေ့တွင် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ကြီးမှူး၍ Online ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ဝန်ကြီး Mr. Kajiyama Hiroshi နှင့် ကာတာနိုင်ငံ Ministry of State for Energy Affairs မှ ဝန်ကြီး Saad Sherida Al-Kaabi တို့က အဖွင့်အမှာစကား ပြောကြားကြပြီး International Energy Agency (IEA)မှ Executive Director ဖြစ်သူ Dr.Fatih Birol က Key Note Speech ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က Video Message ဖြင့် ပြောကြားရာ၌ ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်မှုကာလအတွင်း 9 th LNG Producer Consumer Conference အား အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂျပန်နိုင်ငံအစိုးရနှင့် METI မှ ဝန်ကြီး Mr. Kajiyama Hiroshi ၊ ၎င်းတို့နှင့်အတူ ပူးပေါင်းစီစဉ်သူများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ၇၅၀ မဂ္ဂါဝပ် LNG to Power Plant အား ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကြန့်ကြာမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင်မှသာ ဓာတ်အား စတင်ထုတ်လုပ်နိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံ၏ Generation Mix တွင် ယေဘုယျအားဖြင့် ရေအားမှ ၅၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်းရှိပါကြောင်း၊ သို့သော် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ကျဆင်းလာသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု ကျဆင်းလာပါကြောင်း။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ တိုးမြင့်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ရန် အတွက် LNG to Power စီမံကိန်းများကို Development Partners နှင့် Investors များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် LNG Task Force ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် စွမ်းအင်လုံခြုံစိတ်ချရမှု (Energy Security)အတွက် Clean Fuel ဖြစ်သည့် LNG Option သည် ရေအား၊ သဘာဝဓာတ်ငွေ့၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့နှင့်အတူ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အဆိုပါ LNG စီမံကိန်း များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ (လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ Mobile Phone & Internet Facility စသည့်)တို့ ပိုမိုကောင်းမွန်တိုးတက်လာပြီ ဖြစ်ပါသဖြင့် ရင်းနှီးမြှုပ်နှံမည့် သူများအတွက် အခွင့်အခါကောင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု၏ ၅၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူး ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု Conference မှတစ်ဆင့် LNG ထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ၊ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အဆိုပါ Conference သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာနိုင်ငံအသီးသီးမှ အစိုးရ/ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


