နေပြည်တော်  ၅  ဒီဇင်ဘာ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဉတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် တပ်ကုန်းမြို့နယ်အတွင်း NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့သည့် ရှားတောကျေးရွာသို့ သွားရောက်ကြည့်ရှု့စစ်ဆေးသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၌ နေပြည်တော်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ်၊ ဦးသူရအောင်ဘိုက  ပြည်ထောင်စုနယ်မြေအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း၊ ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာက ဒက္ခိဏခရိုင်အတွင်း ဓာတ်အားသုံးစွဲမှု၊ ဖြန့်ဖြူးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တစ်ဝန်းလုံးရှိဒေသများသို့ ဟန်ချက်ညီညီ တိုးတက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးလက် ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် Decentralization စနစ်၊ Mini Grid ၊  Renewable Energy ၊ Solar ၊ အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ၊ ဒီဇယ်အင်ဂျင်သုံးမီးစက်များ၊ ကိုယ်ထူကိုယ်ထ တစ်ပိုင်တစ်နိုင် အစီအစဉ်များနှင့် အသီးသီးတည်ဆောက်နိုင်ရန်စီမံ၍ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင်လက်ရှိ၌ တစ်နိုင်ငံလုံး၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲ နိုင်ပြီဖြစ်ပါကြောင်း၊ ထို့အတူ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများ လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲ နိုင်မှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ တည်ဆောက်လျက်ရှိရာ ယခုအချိန် ကာလအထိ (၄) နှစ်ကျော် ကာလအတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း မိုင်(၂၄၀၀) ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း မိုင် (၁၄၀၀၀) ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း မိုင်(၁၄၀၀၀) ၊ စုစုပေါင်း မိုင် (၃၀၄၀၀) တို့ကိုလည်းကောင်း၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမ်ဗွီအေ (၃၆၀၀) နှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမ်ဗွီအေ(၁၀၀၀၀)တို့ကို အသီးသီးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့ (၈၂)မြို့နှင့် ကျေးရွာပေါင်း (၁၀၂၉၄) ရွာတို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးတက်ဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း (၂၂၅ ဒသမ ၉၉)မိုင်နှင့် အမ်ဗွီအေ (၈၉၀)၊ ၃၃ ကေဗွီဓာတ်အားလိုင်း (၃၅၅ ဒသမ ၀၄)မိုင်နှင့် ( ၄၇၄) အမ်ဗွီအေ၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၁၉၉ ဒသမ ၂၂)မိုင်နှင့် (၁၁၄ ဒသမ ၆)အမ်ဗွီအေ တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့သို့တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံဆောင်ရွက် သကဲ့သို့ နိုင်ငံတကာချေးငွေများဖြစ်သည့် World Bank ၊ ADB ၊ JICA နှင့် KfW စသည်တို့ အပြင် မိတ်ဖက်နိုင်ငံများ၏ အကူအညီ(Grant)တို့ဖြင့်လည်း ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) ကို ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာများအား ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့်  ကျေးရွာပေါင်း(၅၀၈၀)ရွာကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း၊အနောက်ပိုင်း)၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၂၁)ရက်အထိ တည်ဆောက်ရေးလုပ်ငန်း များအနေဖြင့် ကျေးရွာပေါင်း ၄,၃၉၄ရွာ ဆောင်ရွက်ပြီးစီးကာ ၎င်းရွာများအနက် ၃,၉၇၁ ရွာ မီးလင်းပြီး ဖြစ်ပါကြောင်း။

NEP ပထမအဆင့် စီမံကိန်းလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက အိမ်ထောင်စုပေါင်း ၆၂၆,၇၅၇ စု ဓာတ်အား ရရှိသွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးမီးသုံးစွဲမှု၊ အိမ်ထောင်စုများအပေါ် တိုးတက်လာမည့် မီးလင်းပြီးရာခိုင်နှုန်း (Electrification Rate ) အနေဖြင့်  (၅ ဒသမ ၇၆) ရာခိုင်နှုန်း တိုးတက်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ NEP ဒုတိယအဆင့်ကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း၊ အနောက် ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ကျေးရွာပေါင်း ၄,၇၀၀ ကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ ယခုကာလအထိ စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းပြီးစီးမှုမှာ ၃၉ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းများ ပြီးမြောက်သွားပါက အိမ်ထောင်စုပေါင်း ၅၃၉,၆၇၄ ဓာတ်အားရရှိသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်းမှာ (၄ ဒသမ ၉၆)ရာခိုင်နှုန်းထိ တိုးတက်သွားမည်ဖြစ်ပါကြောင်း။

NEP  Phase I ပထမအဆင့်နှင့် ဒုတိယအဆင့်တို့ တည်ဆောက်ပြီးစီးသွားပါက ကျေးရွာပေါင်း ၉,၇၈၀ နှင့် စုစုပေါင်း အိမ်ထောင်စု ၁,၁၆၆,၄၃၁ စု လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်ကာ စုစုပေါင်း Electrification Rate (၁၀ ဒသမ ၇၂)ရာခိုင်နှုန်း  တိုးတက်ရရှိသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အခြေခံကျသော လိုအပ်ချက်သည် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးဖြစ်သည့်အလျောက် မိမိတို့ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ပြည်သူလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့် ပေးထားသည့် ရည်မှန်းချက်များအပေါ် အားလုံးမှ အထူးအလေးထား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဉတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း NEP အစီအစဉ်ဖြင့် မီးလင်းရေး ဆောင်ရွက်ခဲ့သော ရှားတောကျေးရွာသို့ ရောက်ရှိပြီး  ကျေးရွာပြည်သူလူထုနှင့် တွေ့ဆုံသည်။ 

ယင်းနောက် ကျေးရွာနေပြည်သူလူထုအတွက် ပါးစပ်နှင့် နှာခေါင်းစီး Mask နှင့် လက်သန့်ဆေးရည်များ လှူဒါန်းပေးခဲ့ကာ NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ပေးခဲ့မှုနှင့် ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲ နိုင်မှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်