နေပြည်တော် ၃၁ ဇန်နဝါရီ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း၏ C1-W2 ၊ C1-W3 ၊ C1-W4 နှင့် C1-W5 တို့အတွက် တည်ဆောက်ရေး တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုကို တည်ဆောက်ရေး လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း နေရာဒေသများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းရရှိအောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းတို့အနက်မှ ကုလသမဂ္ဂ၏ အားလုံးအတွက် ရေရှည်တည်တံ့သော စွမ်းအင်ရရှိရေး (Sustainable Energy for ALL - SE4ALL) ခေါင်းစဉ်အောက်မှ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (National Electrification Plan - NEP)ကို ၂၀၁၃ ခုနှစ် မေလမှ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း ပြုစုရေးဆွဲ၍ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၄၀ဝ ကိုရရှိပါကြောင်း၊ ယင်းတို့အနက် အမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ဓာတ်အားစနစ်မှ တိုးချဲ့ဆက်သွယ်ပေးခြင်း (GridExtension) လုပ်ငန်းများနှင့် အမေရိကန်ဒေါ်လာသန်း ၉၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ဓာတ်အားစနစ်ပြင်ပရှိ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို သုံးစွဲရန်ရရှိခဲ့ပါကြောင်း။
အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ၏ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ကို ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပထမအဆင့်စာရင်းပါ ကျေးရွာ ၅၀၈၀ အတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွသေီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဝယ်ယူခဲ့ပြီး ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းခန့် ရောက်ရှိနေပြီဖြစ်ပါကြောင်း။
ယနေ့ချုပ်ဆိုသည့် စာချုပ်များအရ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့မှ မီးလင်းနိုင်မည့် အိမ်ထောင်စုပေါင်း ၁၉၃၀၁၃ စုဖြစ်ကြောင်း၊ NEP ပထမ အဆင့် ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ အတွက် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဒုတိယအဆင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်းရှိ ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့်ပါ စီမံကိန်းများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ပထမအဆင့် ၂ မိုင်အတွင်းရှိ ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင်အတွင်းရှိ ကျေးရွာများဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၈၅၃၇ ရွာရှိ အိမ်ထောင်စုပေါင်း ၁၀၃၂၄၁၁ စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည်ဖြစ်ပြီး စုစုပေါင်း Electrification Rate ၉ ဒသမ ၅ ရာခိုင်နှုန်းခန့် တိုးတက်လာကာ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ ရာခိုင်နှုန်းအထိ တိုးတက်သွားမည်ဖြစ်ပါကြောင်း၊ NEP စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေး အရည်အသွေးပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများမှ မိမိတို့ဆောင်ရွက်ပေးရမည့် အခန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းပါ လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်လင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁၂ ခုမှ တာဝန်ရှိသူများက လုပ်ငန်းအပ်နှံခြင်းစာချုပ်များတွင် လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြသည်။
(သတင်းစဉ်)