နေပြည်တော် ၂၇  ဇန်နဝါရီ 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် ဇန်နဝါရီ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ချောက်ရေနံမြေစုပေါင်းခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ကဏ္ဍမှပါဝင်သောကြောင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ယခုထက် ပိုမိုတိုးမြှင့်ရှာဖွေတူးဖော်ထုတ်လုပ်ရေး လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အလေအလွင့်မရှိရေး၊ အထူးဂရုပြု ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်း၌ရှိပြီးဖြစ်သော Standard Operation Procedure (SOP) နှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားသည်။ 

 

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းတွင်းတူးစက် ZJ 70L SR-1 ဖြင့် တူးဖော်မည့် မြိုင်ရှာဖွေ ရေးတွင်းအမှတ်(၁) ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများက တွင်းတူးဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြိုင်ရှာဖွေရေးတွင်းအမှတ်(၁)အား စက်ခလုတ်နှိပ်၍ စတင်တူးဖော်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရေနံတွင်း တူးစက်ဝန်ထမ်းများကို သစ်သီးခြင်းများပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

 

အဆိုပါ မြိုင်ရှာဖွေရေးတွင်းအမှတ်(၁) တူးဖော်နိုင်ရေးအတွက် ယခင်တိုင်းတာခဲ့သော အချက်အလက်များအားအခြေခံ၍ မြေပေါ်ဘူမိဗေဒကွင်းဆင်းခြင်းလုပ်ငန်းများနှင့် ဘူမိရူပ တိုင်းတာခြင်းလုပ်ငန်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီးလေ့လာ သုံးသပ်ချက်များအရသဘာဝဓာတ်ငွေ့ ခိုအောင်းတည်ရှိနိုင်သော သဲကြောများအား ရှာဖွေ တူးဖော်စမ်းသပ်ထုတ်လုပ်ရန်အတွက် ZJ 70L SR-1 တွင်းတူးစက်အားအသုံးပြု၍ ရည်မှန်း အနက်ပေ ၈၅၀ဝ အထိတူးဖော်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ သဲကြောများအားစမ်းသပ် သွားမည်ဖြစ်ပြီး စမ်းသပ်ရရှိမှုအပေါ်မူတည်၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် ချောက်ရေနံမြေရေနံတွင်းအမှတ် (၁၁၉၆)ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ရေနံတွင်း အမှတ်(၁၁၉၆)နှင့် တွင်းသစ်အမှတ်(၁၂၁၃)တို့မှ ရေနံတိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် သစ်သီးခြင်းများပေးအပ်သည်။ 

 

အဆိုပါ ရေနံတွင်းအမှတ်(၁၁၉၆)ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင် သဲကြော တိုးချဲ့သေနတ်ဖောက်ခြင်းအား ဆောင်ရွက်ခဲ့ရာ လက်ရှိရေနံစိမ်းစည် ၁၂၂ စည် နေ့စဉ် ထုတ်လုပ်လျက်ရှိပြီး တွင်းသစ်အမှတ်(၁၂၁၃)အား ဇန်နဝါရီ ၃ ရက်တွင် စတင်တူးဖော်ခဲ့ရာ ဇန်နဝါရီ ၁၉ ရက်တွင် အနက်ပေ ၄၁၅၀ အထိ တူးဖော်ခဲ့ပြီးရေနံစိမ်းစည် (၁၉၀)စည် ထုတ်လုပ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချောက်ရေနံမြေဆေးရုံကိုကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။  

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံ တိုးတက်ထုတ်ယူရေး လုပ်ငန်းများအတွက် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Goldpetrol JOC Inc. ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် ချောက်ရေနံမြေရိပ်သာတွင် တွေ့ဆုံ၍ ရေနံမြေအထွက်တိုးရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ လုပ်ငန်းဆောင်ရွက်နေသည့် ဒေသပတ်ဝန်းကျင်တွင် လူမှုရေးတာဝန်သိမှု လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ဝန်ထမ်းရေးရာကိစ္စများကို ဆွေးနွေးကြသည်။

 

ချောက်ရေနံမြေတွင် ယခုကဲ့သို့ တွင်းဟောင်းများတိုးချဲ့ ထုတ်လုပ်မှုစမ်းသပ် ဆောင်ရွက်ခြင်း၊ တွင်းသစ်များ တူးဖော်နိုင်ခဲ့ခြင်းကြောင့် ချောက်ရေနံမြေရှိတွင်းပေါင်း၁၁၁တွင်းမှ ယခင်က ထက် ရေနံစိမ်းစည် ၃၀ဝ ကျော်ခန့် တိုးတက်ထုတ်လုပ်နိုင်သဖြင့် ယခုအခါ ချောက်ရေနံမြေ၏ ရေနံစိမ်းထုတ်လုပ်နိုင်မှုမှာ နေ့စဉ် ၁၇၀ဝ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ဝ ဒသမ ဝ၄၅ ထုတ်လုပ်လျက်ရှိကြောင်း၊ ရေနံအထွက်တိုးရေးနှင့် ထုတ်လုပ်မှုထိန်းသိမ်းနိုင်ရေး လုပ်ငန်းစဉ် များဖြစ်သောတွင်းဟောင်းပြုပြင်ခြင်း၊ တွင်းသစ်တူးဖော်ခြင်းလုပ်ငန်းများအပြင် ၂၀၁၈ ခုနှစ် မတ်လမှစ၍ သဲကြောများအတွင်းရေမောင်းသွင်း၍ ရေနံအထွက်တိုးစေသည့် ရေလွှမ်းစီမံကိန်း လုပ်ငန်းများကို စီမံချက်များစနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)