နေပြည်တော် ၁၆ ဒီဇင်ဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကမ်းလွန်လုပ်ကွက် A - 6 တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှု စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် သဘောတူညီမှုများဆိုင်ရာ စာချုပ်များလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ပူးပေါင်းကုမ္ပဏီများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ မြန်မာအမျိုးသားများ ဦးဆောင်သည့် MPRL E&P Pte. Ltd., သည် ကမ်းလွန်လုပ်ကွက် A - 6 တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်အား ၂၀၀၇ ခုနှစ်တွင် ချုပ်ဆို၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတိုင်းတာရေးနှင့် တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ စီပွားဖြစ်ထုတ်လုပ်နိုင်ရန် အလားအလာရှိသော သဘာဝဓာတ်ငွေ့များကို တူးဖော်တွေ့ရှိခဲ့ပါကြောင်း၊ မိတ်ဖက်ကုမ္ပဏီများဖြစ်သော Woodside Energy (Myanmar) Pte. Ltd., နှင့် Total E&P (Myanmar) ကုမ္ပဏီများနှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့ပမာဏအား တွေ့ရှိခဲ့ပါကြောင်း၊ ကမ်းလွန်လုပ်ကွက်ဖြစ်သည့်အတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုမဖြစ်စေရေးတို့အား အထူးအလေး ထားဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ သတ်မှတ်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်းမှစတင်၍ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ MPRL E&P Pte. Ltd., Woodside Energy (Myanmar) Pte. Ltd., နှင့် Total E&P (Myanmar) ကုမ္ပဏီတို့မှ တာဝန်ရှိသူများက အမှာစကား ပြောကြားကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် MPRL E&P Pte. Ltd.,မှ Country Manager ဦးစည်သူမိုးမြင့်၊ Woodside Energy (Myanmar) Pte. Ltd., မှ Asset Manager Myanmar A - 6 Ms. Rebecca Lewis နှင့် Total E&P (Myanmar) မှ General Manager Mr. Romaric Roignan တို့က စာချုပ်များကို လက်မှတ်ရေးထိုးလဲလှယ်ကြသည်။
အဆိုပါ ကမ်းလွန်လုပ်ကွက် A - 6 တွင် ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့ ပမာဏသည် အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်လုပ်၍ နိုင်ငံတော်ပြည်တွင်းသုံးစွဲနိုင်ရေးအတွက် အထူးအားထားရမည့် စီမံကိန်းဖြစ်ပြီး၊ နိုင်ငံအတွက် ပထမဦးဆုံး ရေအလွန်နက် သောဒေသရှိ ကမ်းလွန်စီမံကိန်းဖြစ်သောကြောင့် သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ ကဏ္ဍများတွင် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာများဖြင့် စီမံကိန်းအား အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးကိုရည်ရွယ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရောင်းချမှုဆိုင်ရာ ကဏ္ဍများတွင် ဘဏ္ဍရေးဆိုင်ရာ မူဘောင်တစ်ရပ်ချမှတ်နိုင်ရေးအတွက် Adjustment of Production Sharing Contracts and Fiscal Terms များဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်းဖြစ်သည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့ လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်