နေပြည်တော် ၁၃  နိုဝင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

2

 

တွေ့ဆုံစဉ် ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် နော်ဝေနိုင်ငံ Norwegian Water Resources and Energy Directorate (NVE) Program Phase II အရ (၂၀၁၉-၂၀၂၃) အတွင်း ရေအားလျှပ်စစ် နည်းပညာဆိုင်ရာများ၊ ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ Grid Code များရေးဆွဲခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်စီမံခန့်ခွဲရေး၊ အင်္ဂလိပ်စာကျွမ်း ကျင်မှုသင်တန်း စသည့်ကိစ္စရပ်များတွင် အကူအညီပေးခြင်း၊ Oil for Development (OFD) Program အရ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေနိုင်ငံနှင့် အခြားနိုင်ငံများသို့ ပညာရပ် ဆိုင်ရာ ပညာသင်များ စေလွှတ်ရေးအစီအစဉ်များ၊ သယံဇာတအရင်းအမြစ်စီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ အချက် အလက်များကောက်ယူခြင်း၊ သိမ်းဆည်းခြင်း၊ မျှဝေခြင်း၊ သဘာဝပတ်ဝန်းကျင် သက်ရောက် ဆန်းစစ်ချက်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အတွေ့အကြုံများမျှဝေခြင်း၊ မြန်မာ နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်ဆဲ/ဆောင်ရွက်မည့် ရေတို၊ရေရှည် အစီအမံများ၊ နော်ဝေနိုင်ငံ ကုမ္ပဏီများမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေအားစီမံကိန်းဆိုင်ရာများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့၏ လက်ရှိအခြေအနေ များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။  

 

(သတင်းစဉ်)