နေပြည်တော် ၂ အောက်တိုဘာ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး Ms. Nina Irmeli Vaskunlahti နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့ဝင် ကုမ္ပဏီများမှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုတိယဝန်ကြီး Ms. Nina Irmeli Vaskunlahti၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီးနှင့် ဖင်လန်နိုင်ငံမှ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံရှိ ကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်ခြင်း၊ Clean and Smart Energy ဆိုင်ရာနည်းပညာများနှင့် အတွေ့အကြုံများမျှဝေရန်၊ စွမ်းအင်အရင်းအမြစ်များမှ ရေရှည်တည်တံ့စေမည့်နည်းလမ်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ သယ်ပို့၊ ဖြန့်ဖြူးရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊ လျှပ်စစ်နှင့်စွမ်း အင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ချေးငွေဆိုင်ရာကိစ္စနှင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သောနားလည်မှုစာချွန်လွှာအရ စွမ်းရည်ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍများနှင့်ပတ်သက်၍ ဆက်လက်အကောင်အထည်ဖော်မည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Alexander C.Feldman နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့ဝင်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် အမေရိကန်နှင့် မြန်မာနိုင်ငံ အကြားလျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အသီးသီးရှိ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရန်၊ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


