နေပြည်တော် ၁၅ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)နှင့် သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံ အခြေစိုက်စခန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက အောက်မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးအဆောက်အအုံများ ဖွဲ့စည်းနေရာချထားမှု၊ Oil & Gas Data Center အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အစီအစဉ်များ၊ Data Center အတွင်း ရေနံလုပ်ကွက်အသီးသီး၏ တိုင်းတာထားသော အချက်အလက်များကို Tape များ၊ Digital စနစ်များနှင့် မှတ်တမ်းစာအုပ်စာတမ်းများ ထိန်းသိမ်းထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက Data Center ဖြစ်သည်နှင့်အညီ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဆိုင်ရာ အချက်အလက်များ၊ စာအုပ်စာတမ်းများ ထိန်းသိမ်းထားရာတွင် ပျက်စီးမှုမရှိစေရေး စနစ်တကျ ဂရုပြု အလေးထားဆောင်ရွက်သွားရေး၊ မီးဘေးအန္တရာယ် ကြိုတင်အချက်ပေးစနစ် တပ်ဆင်ရေး၊ Data အချက်အလက်များသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးပြီး အထူးတန်ဖိုးရှိသည့် အချက်အလက်များဖြစ်သည့်အတွက် ပျောက်ဆုံးမှုမရှိစေရေးနှင့် လုံခြုံမှုအထူးဂရုပြု ဆောင်ရွက်သွားရေးတို့အား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Data Center အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဆိုင်ရာ အချက်အလက်များ သိမ်းဆည်းထားသည့် Data တိပ်ခွေများ၊ Data မှတ်တမ်းစာအုပ်များ သိမ်းဆည်းထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းခဲ့ကာ Data Center အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် စခန်းတာဝန်ခံ အထွေထွေမန်နေဂျာမှ ကမ်းလွန်အခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များကို မှာကြားခဲ့ပြီး ကမ်းလွန်အခြေစိုက်စခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သည် ကုန်းတွင်းနှင့်ကမ်းလွန် ရေနံရှာဖွေတူးဖော် ထုတ်လုပ်ခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်စေရန် အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း၊ ကုန်တွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေတူးဖော်ထုတ်လုပ်သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများအား လက်ခံသိုလှောင်၍ လိုအပ်သည့် နေရာဒေသများသို့ ထောက်ပံ့ပို့ဆောင် ဖြန့်ဖြူးပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်းများ၊ အသုံးချသုတေသန၊ ပိုက်လိုင်းအခြေစိုက် စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေအစမ်းတွင်း ဒေသများတွင် တည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ထောက်ပံ့ပို့ဆောင်ပေးခြင်းလုပ်ငန်းများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် သင်္ဘောများ လွန်းတင်ပြုပြင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်