ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအ‌ဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် 

နေပြည်တော်၊ ဧပြီ  ၅

(၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘမ်မြို့တွင် ဧပြီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှဒေသအတွင်း ရာသီဥတု ဖောက်ပြန်မှုနှင့်စပ်လျဉ်းသည့် ဘဏ္ဍာငွေပံ့ပိုးမှုကို တိုးချဲ့ ဆောင်ရွက်ရေး မူဝါဒဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် ဘဏ္ဍာရေးအရာရှိများ၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း ရာသီဥတုဖောက်ပြန်မှု၏ အကျိုးသက်ရောက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ပေးနိုင်ရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေ ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုဗဟိုဘဏ်ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ တက်ရောက်ခဲ့သည်။ 
 
ဧပြီ ၄ ရက် နံနက်ပိုင်းတွင် အာဆီယံ - အီးယူစီးပွားရေးကောင်စီ၊ အာဆီယံ - အမေရိကန်စီးပွားရေးကောင်စီနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီ အစည်းအဝေးများကို သီးခြားစီကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ဆောင်ရွက်နေသော ပေါင်းစည်းထားသည့် အာဆီယံအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာရေးကို ပံ့ပိုးဆောင်ရွက်ရာတွင် အာဆီယံဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပေါင်းစည်းဆောင်ရွက်မှုနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြ မြေပုံ ၂၀၂၅ (ASEAN Economic Community Blueprint 2025) အကောင်အထည်ဖော်မှုတို့နှင့် စပ်လျဉ်းပြီး ရည်မှန်းထားသည့် ရလဒ်များရရှိရေးဆိုင်ရာအစီအစဉ်များ၊ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာရေးကဏ္ဍ ပေါင်းစည်းမှုအတွက်ဆောင်ရွက်မည့် Strategic Action Plan ဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ကြသည်။
 မွန်းလွဲလည်ပိုင်းတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ သီးသန့်ဆွေးနွေးပွဲကျင်းပခဲ့ရာ  ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေး ထိခိုက်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အနည်းငယ် ပြန်လည်တိုးတက်ကောင်းမွန်လာကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေး ဉီးတည်ချက်များချမှတ်၍ SME လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဏ တိုးတက်အောင် အဓိကထား ဆောင်ရွက်နေကြောင်းနှင့် အာဆီယံ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေများကို ပါဝင်ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုဘဏ္ဍာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ တက်ရောက်ခဲ့ကြောင်းနှင့် ယင်းနေ့နံနက်ပိုင်းတွင် အာဆီယံ အပေါင်းသုံး ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကိုလည်း သီးခြားကျင်းပ ခဲ့ကြောင်းသိရသည်။

ဧပြီ ၅ ရက် နံနက်ပိုင်းတွင် (၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က အာဆီယံ ဒေသတွင်း ဘဏ္ဍာရေးကဏ္ဍပေါင်းစည်းမှုအတွက် ဆောင်ရွက်မည့် Strategic Action Plan ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးက သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအလိုက် တင်ပြလာကြသော ကိစ္စရပ်များကို ဘဏ္ဍာရေးဝန်ကြီးများက ညှိနှိုင်းဆွေးနွေးကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲအတည်ပြုကြသည်။ 

မွန်းလွဲပိုင်းတွင် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံဒေသတွင်း ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်သက်ဆိုင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်း စောင့်ကြည့် လေ့လာရေးနှင့် အကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ အေအီးစီ လမ်းပြမြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှု၊ အာဆီယံအသိုက်အဝန်းဆိုင်ရာ မျှော်မှန်းချက် ၂၀၄၅ (ASEAN Community Vision 2045) နှင့် အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါင်းစည်းမှု စောင့်ကြည့်လေ့လာ အစီရင်ခံစာ၊ ASEAN Treasury Forum ထူထောင်ရေး ညှိနှိုင်းဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် တင်ပြလာကြသောကိစ္စရပ်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး ပူးတွဲကြေညာချက်ကိုအပြီးသတ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။
အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို နှစ်စဉ်ဧပြီလ တွင်ကျင်းပရာ ယခုနှစ်တွင် လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး လာမည့်နှစ်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(၂၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုလည်း ပါဝင်တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ဧပြီ ၂ ရက်တွင် ကျင်းပပြုလုပ်သည့် အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်