နေပြည်တော် အောက်တိုဘာ ၄

 

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီမှ စတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ အကြိမ် (၃၀) မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးများတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusofက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူး ချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

(၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ကဏ္ဍအသီးသီးတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်မှု အခြေအနေ များအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။

 

အလားတူ အကြိမ် (၃၀) မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင်ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေး အာဆီယံ၏ ဦးစားပေးလုပ်ငန်းများ၊ (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်း အဝေးများအတွက် ကြိုတင်ပြင်ဆင်မှုများအပေါ် ညှိနှိုင်းခဲ့ကြပြီး အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ တင်ပြမည့် စာရွက်စာတမ်းများကို အတည်ပြုခဲ့ကြသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂၀၂၁ ခုနှစ် အာဆီယံ၏ ဦးစားပေး လုပ်ငန်းများ အကောင်အထည်ဖော်မှု၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ညှိနှိုင်းရေးမှူး တာဝန်ယူလျက်ရှိသည့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည့်ကိစ္စ၊ အာဆီယံ-တရုတ် နှစ် (၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆနန္ဒ (၅) ချက် အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် အခြေအနေနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် နှင့် ပတ်သက်၍ နှစ်ဖက် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။

 

အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်