ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ဩဂုတ် ၂

 

နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် နာရီတွင်  ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် (၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။  

 

(၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းထူထောင်ရေး၊ ၂၀၂၁ခုနှစ် အာဆီယံ၏ ဦးစားပေး လုပ်ငန်းများ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စ၊ ဒေသတွင်း ဗိသုကာပုံစံနှင့် အာဆီယံ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများအဖြစ် လျှောက်ထားသည့်ကိစ္စ၊  အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ယခုနှစ်တွင် ဖော်ဆောင်လျက်ရှိသည့် အာဆီယံဥက္ကဋ္ဌ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ် ရေးထိုးမည့် ကိစ္စ၊ အာဆီယံ၏ ဆွေးနွေးဖက်/ မိတ်ဖက်များအဖြစ် လျှောက်ထားသည့် ကိစ္စ ရပ်များအပေါ် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စီစဉ်ကျင်းပသည့်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြလျက် ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကြောင့် အာဆီယံဒေသအပါအဝင် ကမ္ဘာကြီးနှင့် နိုင်ငံအများအပြားတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူသားများ၏ ကျန်မားရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် ထိခိုက်မှုများ ဖြစ်ပွားစေခဲ့ကာ ကူးစက်ပြန့်ပွားမှု အသစ်များကြောင့် အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်တိုက်ဖျက်ရန် ယခင်နှစ်ကပင် စတင်ခဲ့သည့် အာဆီယံ၏ စုစည်းကြိုးပမ်းမှုများကို ဝမ်းမြောက်စွာ တွေ့ရှိပါကြောင်း၊ ကိုဗစ်-၁၉ အာဆီယံ တုံ့ပြန်မှုရန်ပုံငွေတွင် မြန်မာနိုင်ငံ၏ ပံ့ပိုးပါဝင်မှု၊ အလုံးစုံစီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများ၏ ကျန်းမာသည့် လူမှုဘဝရရှိရေးတို့ကို ကြိုးပမ်းဖော်ဆောင်လျက် အာဆီယံ၏ အဓိက ဦးတည်ချက်ဖြစ်သည့် အာဆီယံအသိုက်အဝန်းထူထောင်ရေးကို ထိန်းသိမ်းဖော်ဆောင်ရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းလျက် သာတူညီမျှရှိရေး၊ စုစည်းညီညွတ်ရေး၊ အပြန်အလှန် လေးစားမှုရှိရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး စသည့်မူများကို  လိုက်နာခြင်း၊ အပြန်အလှန် ဂရုစိုက်ခြင်းနှင့် မျှဝေခြင်းကဲ့သို့သော အာဆီယံစိတ်ဓါတ်များကို အလေးထားကာ  အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှပင် မကျန်ရစ်စေဘဲ အားလုံးပါဝင်သည့် အာဆီယံအသိုက်ကအဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားခဲ့ပါသည်။ DELSA satellite warehouse ကို ပိုမိုထိရောက်စေရေး ပံ့ပိုးပေးရန် တိုက်တွန်းအားပေးခဲ့ပြီး ASEAN SHIELD မှ တစ်ဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေရရှိရေးတွင် အာဆီယံနိုင်ငံများမှ ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အာဆီယံဥက္ကဋ္ဌ၏ ဦးဆောင်ဦးရွက်ပြုမှုကို ကြိုဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံကို ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ရေးကိစ္စကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ အဆိုပြုမှုအပေါ် ဆောလျင်စွာ တုံ့ပြန်ဆောင်ရွက်ပေးသည့်အတွက် အာဆီယံဥက္ကဋ္ဌကို ကျေးဇူးတင်ရှိကြောင်း၊ ကိုဗစ်-၁၉ ကုသမှုတွင် အကူအညီဖြစ်စေရန် အောက်စီဂျင်စက်များ၊ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲခန်းသုံး ပစ္စည်းများနှင့် အခြားကာကွယ်ရေးပစ္စည်းများကို  ကူညီပံ့ပိုးပေးလျက်ရှိသည့် နိုင်ငံအချို့ကို ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ နည်းပညာပံ့ပိုးမှုများနှင့် ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို လိုအပ်နေသေးကြောင်း အစည်းအဝေးသို့ အသိပေး ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၂၃) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးနှင့် အသိုက်အဝန်းကောင်စီ အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရ အချင်းချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ  (၂၉) ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီအစည်းအဝေးနှင့် ရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်