နေပြည်တော် နိုဝင်ဘာ ၁၉
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲအား ယခုနှစ်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်ဖြစ်သည့် “အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ခေါင်းစဉ်ဖြင့် အမှတ်(၁၁) အခြေခံ ပညာအထက်တန်းကျောင်း၊ နေပြည်တော်၌ ယနေ့ နံနက်ပိုင်းတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။
စာစီစာကုံးပြိုင်ပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား (၁၅)ဦး၊ ကျောင်းသူ (၆၉)ဦး၊ စုစုပေါင်း (၈၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ဒီဇင်ဘာ (၃) ရက်တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားတွင် ထိုက်ထိုက် တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNOCHA အဖွဲ့မှ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ဝေးလံခက်ခဲသော နေရာများရှိ အကူအညီလိုအပ်သူများအား လူသားချင်းစာနာမှု အထောက် အပံ့များပေးအပ်နိုင်ရေးကိစ္စ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ် လာရောက်ခဲ့မှုနှင စပ်လျဉ်း၍ ခရီးစဉ်အတွင်း အဓိကတွေ့ရှိချက်များနှင့် အကြံပြုချက်များ၊ ဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ UNOCHA ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ဗီဇာ သက်တမ်း တိုးခြင်းနှင့် ခရီးသွားလာခွင့်ကိစ္စရပ်များအပေါ် ဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


