နေပြည်တော် ဩဂုတ် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ယနေ့ နံနက်ပိုင်းက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြိုင်ကြီးငူ နန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက (ဒုတိယမြိုင်ကြီးငူ) ဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆန်၊ ဆီ အစရှိသော လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော နေရပ်စွန့်ခွာ ပြည်သူများကို စုံနံ့သာမြိုင်အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ) စုံချစ်မြိုင်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အားပေးစကားများ ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ် ကာလအတွင်း တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကျန်းမာရေးကို အထူးဂရုပြုကြရန် ပြောကြားကာ ယာယီနေရပ် စွန့်ခွာအိမ်ထောင်စု ၁၁၇၁ စု၊ လူဦးရေ ၆၁၆၃ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၅၅,၄၆၇,၀၀ဝ) နှင့် နိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် (၉၅,၇၄၅,၀၀ဝ) တန်ဖိုးရှိ Smart ကျား/မ ဝတ် ရှပ်အင်္ကျီ (၆၁၆၃) ထည်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်၍ နေရပ်စွန့်ခွာ ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြားကြသည်။
ယင်းနောက် မြိုင်ကြီးငူ အောင်မင်္ဂလာ စာသင်တိုက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်၍ ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီရိဓမ္မအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းပြီး ရေဘေးသင့်အိမ်ထောင်စု ၉၆၅ စု၊ လူဦးရေ ၅၃၉၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၈,၅၁၀,၀၀ဝ) နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ ပေးအပ်ကြသည်။
ဆက်လက်၍ ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ရေဘေး ကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု (၁၂၁) စု၊ လူဦးရေ (၅၅၂) ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၄,၉၆၈,၀၀ဝ)၊ ငါးသေတ္တာ (၅၅၂) ဘူးကို လည်းကောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၃၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၂,၁၉၅,၀၀ဝ) ၊ ငါးသေတ္တာ (၁၃၅၅) ဘူးကိုလည်းကောင်း၊ မိုးလုံလေလုံ အားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၅၀)၊ လူဦးရေ (၆၈၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၆,၁၂၉,၀၀ဝ)၊ ငါးသေတ္တာ (၆၈၁) ဘူးကို လည်းကောင်း၊ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော် ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၂၃၆) စု၊ လူဦးရေ (၁၁၈၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၆၂၉၀၀ဝ)၊ ငါး သေတ္တာ (၁၁၈၁) ဘူး ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကာ အဆိုပါ ကယ်ဆယ်ရေးစခန်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်စားစရာမုန့်များကို ဝေငှပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


