နေပြည်တော် စက်တင်ဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာ သီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေနစ်မြုပ်နေသည့်ကျေးရွာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည့်လူနှင့် ပစ္စည်းများရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးပြီး ဘေးလွတ်ရာသို့ ရောက်ရှိလာသည့် ပြည်သူများအား နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်သိမ့်အားပေးစကား ပြောကြားသည်။

ကနဦးသတင်းရရှိမှုများအရ နေပြည်တော်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အိမ်ထောင်စု (၁၅၀၀၀)ကျော်၊ လူဦးရေ(၆၇၀၀၀)ကျော် ရေဘေးသင့်နေကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်အရှေ့ဘက်ရှိ ဓမ္မာရုံတွင် ယာယီရေဘေးရှောင်လျက်ရှိသည့် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ စားနပ်ရိက္ခာများနှင့် လိုအပ်ချက်များများကို ထောက်ပံ့ပေးအပ်ကာ အားပေးစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁၃)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလှုပ် ရှားမှုအဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်း၌  ကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက် ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အသိပညာပေးအစီအစဉ်မှရရှိခဲ့သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို မိမိတို့၏ မိသားစု၊ ဆွေမျိုးများ၊ ပတ်ဝန်း ကျင်ထံ လက်ဆင့်ကမ်းပေးကြရန် မှာကြားသည်။ 

အသိပညာပေးအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များ၊ ဘေးအန္တရာယ်တစ်ခုချင်းအလိုက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊  ထင်ရှား သည့် သဘာဝဘေးကြီးများနှင့် အသိပညာပေး Light Box များနှင့် ဘေးဒဏ်ခံနားခိုရာ အဆောက်အဦများ၏ ပုံစံငယ်များကို ခင်းကျင်းပြသခြင်း၊ သဘာဝဘေးအသိပညာများ တိုးပွားစေ ရေး ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုခြင်း၊ Risk Land Game ကစားခြင်း၊ အရေးပေါ် အိတ်ပြင်ဆင်ခြင်းကို လက်တွေ့ကစားခြင်းနှင့် Online Game ဖြင့် ကစားခြင်းတို့ကိုပါဝင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်