ဘားအံ ဩဂုတ် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ရေဘေး ကယ်ဆယ်ရေး စခန်းများတွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေး၍ စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အနိမ့်ပိုင်းဖြစ်သော အမှတ်(၅) ရပ်ကွက်၊ အောင်နန်း (၅)လမ်းသို့သွားရောက်၍ မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ချောင်းရေ၊ မြစ်ရေများလျှံတက်ပြီး ရေကြီးရေလျှံမှု များဖြစ်ပွားကာ ဒေသခံပြည်သူများ၏ နေအိမ်များအတွင်း ရေများဝင်ရောက်နေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဘေးလွတ်ရာကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေရာချထားပေးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ Cyclone Shelter ရေဘေး ကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု ၄၇ စု၊ လူဦးရေ ၁၉၂ ဦးအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေကျပ် ၁၇၂၈၀၀၀ နှင့် ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးထားသည့် အခြေအနေ၊ ရေ၊ မီး၊ မိလ္လာ ပြည်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံအားကစား ခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်းရွေ့နေထိုင်သော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၇၅၁ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ကျပ် ၆၇၅၉၀၀၀ နှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီပြောင်းရွေ့နေထိုင်သော ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၉၆၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၇၁၂၀၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧ စေတီ တော်ပရိဝုဏ်အတွင်း ယာယီပြောင်းရွေ့နေထိုင်သော ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေး စကားပြောကြားကာ အိမ်ထောင်စု ၉၈ စု၊ လူဦးရေ ၅၄၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၉၃၂၀၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့ အခြေခံပညာအထက်တန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွေ့နေထိုင်သော ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ အိမ်ထောင်စု ၁၂၀ ၊ လူဦးရေ ၅၁၆ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၆၄၄၀၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျုံဒိုးမြို့ ဓမ္မသုခဘုန်းတော်ကြီးကျောင်း စတုဒိသာဆောင်တွင် ပြောင်းရွေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၉၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၇၈၂၀၀၀ နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်စခန်း ၉ ခုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၃၄၇၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၁၂၃၀၀၀၀ နှင့် ငွေကျပ် ၂၂၆၂၁၄၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ၊ ကျုံဒိုးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုမှ အိမ်ထောင်စု ၁၇၂ စု၊ လူဦးရေ ၇၅၂ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၆၇၆၈၀၀၀ နှင့် ငွေကျပ် ၈၄၂၂၄၀ ကျပ်တန်ဖိုးရှိ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)