နေပြည်တော် သြဂုတ် ၂၅
ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပသည့် ၁၃ ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် ထိုင်းနိုင်ငံ ဘူရီယမ်မြို့ရှိ Modena ဟိုတယ်မှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စား လှယ်များ၊ ဧည့်သည်တော်များနှင့်အတူ ဘူရီယမ်မြို့ရှိ Khao Phnom Rung ရှေးဟောင်း ဒေသနှင့် Prasat Meaung Tam ရှေးဟောင်းဒေသသို့ သွားရောက်လေ့လာပြီး ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
၁၃ ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Burriam United Stadium ၌ ကျင်းပပြုလုပ်ရာ Burriam Province Gonernor နှင့် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး Police General Prempoon Chidchob တို့က အဖွင့်အမှာစကားများ ပြောကြားပြီး ထိုင်းရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တစ်ဦးချင်းစီ ကြိုဆိုမိတ်ဆက်ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ အိမ်ရှင်ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး Police General Prempoon Chidchob က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တီမောလက်စ်တီနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ယင်းနောက် အစည်းအဝေးတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံက ၁၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာကိုလည်းကောင်း၊ ထိုင်းနိုင်ငံက ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အစီရင်ခံစာကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင်ကူးပြောင်းရေးဆိုင်ရာနှင့် စပ်လျဉ်း၍ တက်ရောက်လာသော နိုင်ငံများက နိုင်ငံအလိုက် အလှည့်ကျဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အနာဂတ်ပညာရေးကို ပုံဖော်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒီဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ၏ စွမ်းအားကို အသုံးချရမည်ဖြစ်ပါကြောင်း၊ အစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် လူတစ်ဦးတစ်ယောက်ချင်းစီ အောင်မြင်မှုများ ရရှိလာအောင် ဖြည့်စွမ် ပေးနိုင်သည့် တက်ကြွမှု၊ လူတိုင်းအကျုံးဝင်မှုနှင့် ထိရောက်သည့် သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးရေးသည် ကျွန်ုပ်တို့၏ မျှော်မှန်းချက်ဖြစ်ပါကြောင်း။
အမျိုးသားဒီဂျစ်တယ် ပညာရေးမဟာဗျူဟာ ချမှတ်ရာတွင် ဆရာ ဆရာမများ၊ မူဝါဒ ချမှတ်သူများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ကျောင်းသား ကျောင်းသူများ ပါဝင်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများအားလုံးကို မြန်နှုန်းမြင့် အင်တာနက်လိုင်းများ၊ ဒီဂျစ်တယ်စက်ပစ္စည်းများ ပံ့ပိုးပေးရမည်ဖြစ်သကဲ့သို့ အွန်လိုင်းပလက်ဖောင်းများလည်း တည်ထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဒီဂျစ်တယ်စက်ပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်အောင်၊ ဒီဂျစ်တယ် နည်းပညာစွမ်းရည် မြင့်မားလာအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကာလတွင် အဓိကနေရာကပါဝင်နေသည့် ဆရာ ဆရာမများ၏ စွမ်းရည် မြင့်မားရေး ပံ့ပိုးကူညီခြင်းသည် ကျွန်ုပ်တို့၏ ကတိကဝတ်တစ်ခု ဖြစ်ပါကြောင်း၊ ပံ့ပိုးရာတွင် ဒီဂျစ်တယ် စက်ပစ္စည်းကိရိယာများနှင့် အွန်လိုင်းရင်းမြစ်ပစ္စည်းများ ပံ့ပိုးသည့်အပြင် ယင်းပစ္စည်းများကို အသုံးပြုသော နောက်ဆုံးပေါ်နည်းပညာများ၊ သင်ကြားနည်း စနစ်များကို သိရှိနားလည်စေရန် ဆောင်ရွက်ပေးခြင်းများ ပါဝင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်တို့က နိုင်ငံအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အစည်းအဝေးက “ဒစ်ဂျစ်တယ်ခေတ် ပညာရေးအသွင်ကူးပြောင်းရေး” နှင့် စပ်လျဉ်းသည့် ပူးတွဲသဘောတူညီချက်တစ်ရပ်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ၂၀၂၆ ခုနှစ်၊ ၁၄ ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးကို စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်





