နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ပဥ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက် မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်နှင့် စာဖြေခန်းအတွင်း အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင် လုံလောက်စွာရရှိရေး၊ ကျောင်းသားကျောင်းသူများစာမေးပွဲကို သက်တောင့်သက်သာဖြေဆိုနိုင်ရေးအတွက် စာဖြေခုံများကို စနစ်တကျ ထားရှိစေလိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျောင်းဘောလုံးကွင်း တည်ဆောက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်