ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ဆရာဆရာမ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်ပညာ သင်ယူနေကြသည့် အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့် ဆရာ/ဆရာမလျောင်းလျာ သင်တန်းသား သင်တန်းသူများကို ယခုလိုတွေ့ဆုံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ အခြေခံပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယခုကတည်းက မိမိတို့ကိုယ်တိုင် ထူးချွန်သော၊ အသင်အပြကောင်းမွန်သော ဆရာဆရာမများဖြစ်လာအောင် ရည်မှန်းကြိုးစား ကြစေလိုပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရသည့်အခါ သင်ကြားပို့ချရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြန်လည်သင်ကြားပို့ချနိုင်ရေး ကြိုးစားသင်ယူ ကြစေလိုပါကြောင်း၊ တာဝန်ထမ်းဆောင်သည့်အခါ ကျောင်းသားကျောင်းသူများကို ဆင်းရဲခြင်း၊ ချမ်းသာခြင်းစသည့် မည်သည့်ခွဲခြားမှုမျိုးမှ မရှိစေဘဲ အမှန်တကယ် ပညာတတ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက် ပညာရေးမိသားစု အချင်းချင်း မေတ္တာထား၍ ကိုယ်ချင်းစာတရားများဖြင့် အပြန်အလှန် လေးစားစွာ ဆက်ဆံဆောင်ရွက်ကြစေလိုပါကြောင်း၊ စေတနာဖြူစင်ပြီး ရိုးသားကြိုးစားသည့် နှလုံးလှသော ဆရာဆရာမများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ နိုင်ငံအတွက် အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းသမီးမွန်များကို ပြုစုပျိုးထောင်မွေးထုတ် ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးဖြေကြား၍ ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

တွေ့ဆုံပွဲအပြီးတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်သည်။

 

တွေ့ဆုံပွဲသို့ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ပထမနှစ်၊ ပထမနှစ်ဝက် (၂၀၂၂) သင်တန်းသားသင်တန်းသူများ၊ ပထမနှစ်၊ ဒုတိယနှစ်ဝက် (၂၀၂၀) သင်တန်းသား သင်တန်းသူများနှင့် ဒုတိယနှစ်၊ ပထမနှစ်ဝက် (၂၀၁၉) သင်တန်းသား သင်တန်းသူများ၊ စုစုပေါင်း သင်တန်းသားသင်တန်းသူ ၆၀၂ ဦး တက်ရောက်ကြသည်။

 

mdn

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ အဆောက်အအုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် တည်ဆောက်ဆဲ အဆောက်အအုံ အသစ်အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်