စစ်ကိုင်းမြို့ ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု ၁၄၅၁ စု၊ လူဦးရေ ၆၅၁၆ ဦးတို့အား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းနှင့် ဝေဠုဝန်ငါးထပ်ကြီး မြတ်စွာဘုရားတန်ဆောင်းတို့သို့ သွားရောက်ပြီး အေးမြဝတီရပ်ကွက်၊ ထားဝယ်ဈေးရပ်ကွက်နှင့် တဲကြီးကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မြစ်ရေမြင့်တက်၍ ဘေးဒုက္ခကြုံတွေ့ရခြင်းသည် အခိုက်အတန့် ဖြစ်သော်လည်း ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ဘေးဒဏ်ခံစားရသောပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကို ပြေလည်စေရန် အစိုးရဝန်ကြီးဌာန တာဝန်ရှိသူများအနေဖြင့် လာရောက်၍ စားနပ်ရိက္ခာ၊ ဆန်ရိက္ခာဖိုးငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask နှင့် လက်ဆေးဆပ်ပြာများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးကိုလည်း အထူးဂရုပြုဖို့လိုကြောင်း၊ လက်ကို မကြာခဏဆေးကြောရန်လိုကြောင်း၊ လက်ဆေးခြင်းဖြင့် တခြားကူးစက်ရောဂါများကိုပါ ကာကွယ်နိုင်ပါကြောင်းနှင့် လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးမြဝတီရပ်ကွက်၊ ထားဝယ်ဈေးရပ်ကွက်နှင့် တဲကြီးကျေးရွာအုပ်စုတို့မှ လူဦးရေ ၃၁၄၉ ဦးအတွက် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၆၁၂၉၀၀၊ ခေါက်ဆွဲခြောက်ထုပ်များ၊ Mask များ၊ လက်ဆေးဆပ်ပြာများကို ဘေးသင့်ပြည်သူများထံ ပေးအပ်ထောက်ပံ့ပေးသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများကို အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၄၅၁ စု၊ လူဦးရေ ၆၅၁၆ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၃၆၈၃၆၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၁၄၅၁၀၊ လက်ဆေး ဆပ်ပြာထောင့် ၁၄၅၁ ထောင့်နှင့် Mask ၆၅၁၆ ခုတို့ကို ထောက်ပံ့ပေးသည်။
အလားတူ မြစ်ရေမြင့်တက်မှုများကြောင့် ရေဘေးဒဏ်ခံစားကြရသည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ၅ ခုမှ အိမ်ထောင်စု ၉၁ စု၊ လူဦးရေ ၃၆၄ ဦး၊ ပန်းတောင်းမြို့နယ် ကျေးရွာတစ်ခုမှ အိမ်ထောင်စု ၄ စု လူဦးရေ ၁၇ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာ ၂၆ ခုတို့မှ အိမ်ထောင်စု ၇၃၈ စု၊ လူဦးရေ ၂၉၉၇ ဦး၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် မကွေးမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာ ၂ ခုမှ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၃၇ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေများ၊ Mask များနှင့် လက်ဆေးဆပ်ပြာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးရှောင်နေရာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်