မြိုင်ကြီးငူ   ၁၅  ဩဂုတ်  

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိုင်ကြီးငူအထူးဒေသ၌ တိုက်ပွဲရှောင်ပြည်သူများကို အားပေးခြင်းနှင့် COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် အကျိုးခံစားခွင့်များ ထောက်ပံ့ပေးအပ်သည်။ 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသရှိ နန်းဦးဘေးမဲ့တောရ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရှင်ဉာဏ္ဏိတအား ဖူးမြော်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုက်ပွဲရှောင်စခန်း၌ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံကာ ယခုအစိုးရ တာဝန်ယူချိန်မှစ၍ ပြည်သူများ၏ လိုအပ်ချက်များ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ရေတိုအကျိုးအတွက် လတ်တလော ထောက်ပံ့မှုများအပြင် ရေရှည်အကျိုး အတွက် စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဘေးကင်းလုံခြုံမှုရှိရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရန်အတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း (၂)ခုကိုလည်း မဟာဗျူဟာအတိုင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယခု ကရင်ပြည်နယ်ရှိ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများတွင် မျိုးဆက်သစ် ကလေးငယ်များရှိပါကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းကမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ ခြင်း(MCCT) နှင့် ပညာပေးအစီအစဉ်တွင် ကရင်ပြည်နယ်လည်း အပါအဝင်ဖြစ်ပါကြောင်း။ 

 

အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်းကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် အစိုးရက ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေး အခက်အခဲများ လျော့နည်း သက်သာစေရန် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ဖြင့် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ၊ အသက် (၈၀) နှစ်မှ (၈၅) နှစ်အကြားရှိသည့် ဘိုးဘွားများအား တစ်ကြိမ်ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် CERP အစီအစဉ်အရ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တိုက်ပွဲရှောင်အိမ်ထောင်စုများအား စားနပ်ရိက္ခာများဝယ်ယူရန် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်ကြောင်း၊ အကန့်အသတ်ဖြင့်ရရှိသည့် ဘဏ္ဍာငွေကို အလေအလွင့်မရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ အကျိုးရှိရှိ အသုံးချတတ်ရန် လိုကြောင်း၊ ယခုလို လိုအပ်သည့်အချိန်တိုင်းတွင် ပြည်သူများအတွက် ငွေကြေးထောက်ပံ့မှုများ၊ လျှပ်စစ်၊ လမ်း၊ တံတားတည်ဆောက်ပေးမှု လုပ်ငန်းများသည် ထင်သာမြင်သာသော တိုးတက်မှုများဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍများကိုလည်း ရေရှည်စီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အကျိုးခံစားရရှိမှုများကို အချိန်နှင့်အမျှ တိုးတက်ခံစားလာရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အစိုးရအနေဖြင့် ထောက်ပံ့မှုများသာမက အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထောက်ပံ့မှုများကို ပြည်သူ့လက်ဝယ်ရောက်ရှိအောင် ပြည်နယ်အစိုးရနှင့် တာဝန်ရှိဌာနဆိုင်ရာများက ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားပြီး လက်ခံရရှိသည့် အခြေအနေများကို တိုက်ပွဲရှောင်ပြည်သူများအား မေးမြန်းဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CERP စီမံချက်အရ ကရင်ပြည်နယ်ရှိ မသန်စွမ်းသူ (၆,၉၃၈) ဦးအတွက် စုစုပေါင်းငွေကျပ် (၂၀၈,၁၄၀,၀၀၀) ၊ တိုက်ပွဲရှောင်မိသားစုများ စားနပ်ရိက္ခာဝယ်ယူရန် အိမ်ထောင်စု (၇၂၄)စုအတွက် စုစုပေါင်းငွေကျပ် (၂၈,၉၆၀,၀၀၀)၊ လူမှုဝန်ထမ်းဦးစီးဌာနက တိုက်ပွဲရှောင် စခန်း(၂)ခုအတွင်းရှိ ဘိုးဘွား (၂၄၆) ဦးအတွက် စုစုပေါင်း ငွေကျပ် (၇,၃၈၀,၀၀၀)၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်ဆေးဆပ်ပြာထောင့်များနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် လိုအပ်သော ထုံးအိတ်များကို တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)