နေပြည်တော် ၁၉ ဒီဇင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren နှင့် WFP Myanmar မှ Country Director , Mr. Stephen Anderson တို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

 

np3

 

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ola Almgren နှင့်တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအား လူမျိုး၊ဘာသာ၊ ကျား/မခွဲခြားဆက်ဆံမှုမရှိဘဲ သာတူညီမျှဆောင်ရွက်နေမှု၊ ပဋိပက္ခအတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အထူးကိုယ်စားလှယ် ရုံးများနှင့် ပူးတွဲသဘောတူစာချုပ်များ လက်မှတ်ရေးထိုး၍ လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ သက်ဆိုင်ရာဒေသများအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ ဆောင်ရွက်သွားမည့်အခြေအနေ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရေတို၊ရေရှည်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူညီပေးအပ်ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် လူမှုသဟ ဇာတမျှတရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

WFP Myanmar မှ Country Director , Mr. Stephen Anderson နှင့်တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများအား စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နည်းပညာအသုံးပြုနိုင်ရန်နှင့် စီမံခန့်ခွဲမှု အထောက်အကူပြု သတင်းစနစ်ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့မှု ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထောက်ပံ့မှုအခြေအနေများ ထိရောက်မှုရှိ/မရှိ စောင့်ကြပ်ကြည့်ရှု စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများတွင် အဓိကဖြစ်သည့်ဆန်တွင် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်စေနိုင်ရေး အားဖြည့်ဆန်ပြုလုပ်၍ ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေ၊ ယာယီခိုလှုံရာစခန်းများရှိ မသန်စွမ်းသူများအား ပိုမိုထောက်ပံ့ ကူညီပေးနိုင်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)