mdn

လွိုင်ကော်   ၂  နိုဝင်ဘာ

 

ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများနှင့်မိခင်ဝိုင်းများအား လူမှုကာကွယ် စောင့်ရှောက်ရေးအထောက်အပံ့များ ပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် အစိုးရခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ အခမ်း အနားသည် ထိခိုက်လွယ်အုပ်စုထဲတွင်ပါဝင်သည့် မသန်စွမ်းသူများနှင့် ရှေးဦးအရွယ် ကလေး သူငယ်များအတွက် ငွေကြေးထောက်ပံ့ခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ဆောင်ရွက်ပေးရ သောကြောင့် ကျယ်ပြန့်ပါကြောင်း၊ လုပ်ငန်းစီမံချက်များချမှတ်နိုင်ရန် ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ရကြောင်း၊

 

အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ကောင်းမွန်စေရန် မျှော်မှန်းချက်ထားကာ ကိုယ်ဝန် ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များ ငွေကြေး ထောက်ပံ့ခြင်းနှင့်ပညာပေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်သည့်တိုင်းဒသကြီးနှင့် ပြည်နယ်များတွင် ကယားပြည်နယ် ပါဝင်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန်ကလေးသူငယ်အခွင့်ရေးများ ဆိုင်ရာ ဥပဒေအသစ်ကိုလည်း ဖော်ဆောင်ပေးပြီးဖြစ်ကြောင်း၊ လူငယ်များ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်ရေးရာ မူဝါဒကိုလူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲစေခဲ့ပြီး အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မသန်စွမ်းသူများအတွက် လူ့အခွင့်အရေး အပြည့်အဝရရှိစေရန် ဥပဒေနှင့်နည်း ဥပဒေကိုဖော်ဆောင်ပြီး အမျိုးသားကော်မတီကို ဖွဲ့စည်း၍ ရေရှည်တွင်မသန်စွမ်းသူများ၏ စွမ်းနိုင်မှုအလိုက်ပိုမိုကောင်းမွန်စနစ်ကျသော ပံ့ပိုးကူညီမှုများရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုထောက်ပံ့မှုများသည် ကနဦး ထောက်ပံ့မှုများသာ ဖြစ်ကြောင်းနှင့်လူမှု ကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းဆောင်ရွက်၍ မရသော ကြောင့်ပြည်သူများ၊ ဆက်စပ်ဌာန ဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများက အားလုံးဝိုင်းဝန်းပူးပေါင်းပေးကြ ပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဉီးအယ်လ်ဖောင်းရှို က မိမိတို့ပြည်နယ် အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လူမှု ကာကွယ် စောင့်ရှောက်ရေး အစီအစဉ်များနှင့်ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက် အောင်မြင်အောင် ပြည်သူများအားလုံးက ဆက်လက်ပူးပေါင်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိမိခင်ဝိုင်း (၃၀)အတွက် ဝိုင်းခေါင်းဆောင်ထောက်ပံ့ငွေနှင့်ကလေးငယ်များ၏ နေ့လယ်စာအာဟာရ (၃)လစာတွက်ထောက်ပံ့ငွေကျပ် ၁၅,၃သိန်း မသန်စွမ်းသူ(၁၀၂၈)ဦး အတွက် ထောက်ပံ့ ငွေကျပ် ၃၀,၈ သိန်း ၄ သောင်း တို့ကို ပေးအပ်ရာတာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက် လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေး အပ်ခြင်း၊ ကလေးငယ်များအားအာဟာရမုန့်နှင့် ကစားစရာအရုပ်များ ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

(သတင်းစဉ်)