နေပြည်တော် ၁၆ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ လူငယ်သင်တန်းကျောင်း၌ လူငယ်များအား လုံခြုံစွာစောင့်ရှောက်နိုင်ရေး အတွက် (၄)ထပ်ဆောင် အဆောက်အဦအသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောလျင်စွာ ပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် လူငယ်သင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီးက အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိလာကြသော ကလေးသူငယ်နှင့် လူငယ်များအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ကာကွယ်စောင့်ရှောက်နေမှုများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပြုစုလေ့ကျင့်ပေးနေမှုများ၊ လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးနှင့် မိဘ၊ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရေး ချိတ်ဆက် ဆောင်ရွက်ပေးနေမှုများ၊ သင်တန်းကျောင်းတွင် နေထိုင်စဉ်ကာလအတွင်း ထူးခြားအခြေအနေ ဖြစ်ပေါ်သော ကလေးများကို တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးပေးနေမှုများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားလေ့ကျင့်ပေးနေမှုများ စသည်တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပြန်လည်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းရှိ ကလေးသူငယ်နှင့် လူငယ်များအားတွေ့ဆုံ၍ ကလေးသူငယ်များရရှိရမည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် မူးယစ်ဆေးသုံးမိသူများအနေဖြင့် ဆေးစွဲသူများဘဝမှ ဆေးဖြတ်ပြီး မူးယစ်သံသရာမှ လွတ်မြောက်အောင် အသိတရားဖြင့် မိမိကိုယ်ကို ပြုပြင်နိုင်ပြီး အဆိုးကျော့ သံသရာမှလွတ်မြောက်၍ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် လူမှုပတ်ဝန်းကျင်သို့ ပိုမို ကောင်းမွန်သော အခြေအနေများဖြင့် ပြန်လည်ဝင်ဆံ့အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ အစိုးရက အနာဂတ်၏ မျိုးဆက်သစ် ကလေးသူငယ်များနှင့် လူငယ်များကို ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အားပေးစကားပြောကြားသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး သန်လျင်လူငယ်သင်တန်းကျောင်းသည် ၂၀၁၂ ခုနှစ်မှစတင်၍ ကလေးသူငယ်နှင့် လူငယ်သင်တန်းသားများကို လက်ခံ၍ ပျိုးထောင်ကာကွယ် စောင့်ရှောက်ပေးရန် လူဦးရေ ၁၅၀ ဆံ့ အဆောက်အဦသာရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေထွက်ရှိပြီးနောက် ကလေးသူငယ်၏ အသက်ကို (၁၈)နှစ်အောက်အဖြစ်သတ်မှတ်ခဲ့သည့်အတွက် လက်ရှိတွင် ကလေးသူငယ်နှင့် လူငယ် ၅၀၂ ဦးကို ကာကွယ်စောင့်ရှောက်မှုပေးနေသည်။
လက်ခံစောင့်ရှောက်ပေးရမည့်ဦးရေ ပိုမိုများပြားလာသဖြင့် လိုအပ်သော အဆောက်အဦအသစ်ကို ဝန်ကြီးဌာနမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်းစဉ်