နေပြည်တော် ၂၅ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ပြီး လုပ်ငန်းများရေရှည်တည်တံ့ ခိုင်မြဲကောင်းမွန်ရေးအတွက် မဖြစ်မနေထပ်မံဆောင်ရွက်သင့်သည့် ဖြည့်စွက်လုပ်ငန်းများကို အကြံပြုတင်ပြကြရန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလျာထားရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေဖြင့် ဆက်စပ်ဆောင်ရွက်မည့် လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ Overlab မဖြစ်စေရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်များဖြင့် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းရှင်းလင်း ဆွေးနွေးတင်ပြ လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများသို့ ခွဲဝေခွင့်ပြုခဲ့သည့် ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများက ဒေသအလိုက် ဆောင်ရွက်နေကြသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် မဖြစ်မနေ ထပ်မံဖြည့်စွက်ပေးရန် လိုအပ်သည့်လုပ်ငန်းများ၊ ဒေသခံပြည်သူများ၏ ဆန္ဒလိုအပ်ချက်များနှင့်အညီ ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လမ်း၊ တံတား၊ စိမ့်စမ်းရေသွယ်ယူခြင်း၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်း၊ ဆိုလာမီးလင်းရေးစသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များက ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးနေမှု၊ သတ်မှတ်ထားသည့် မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့ ပူးပေါင်း ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားခဲ့သော ကိစ္စရပ်များ၊ ဘိန်းအစားထိုးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းပေးသည်။
(သတင်းစဉ်)