နေပြည်တော် ၃၀ အောက်တိုဘာ
ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ် လွှာပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ လေ့ကျင့်သင်ကြားပေးပြီး နယ်စပ် ဒေသများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့ကို ထူထောင် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် စစ်ကိုင်းကို စတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ (၃၅၉) ဦး၊ သိပ္ပံဘွဲ့ (၆၇၀)၊ B.Tech (၁၃၉) ဦး၊ အင်ဂျင်နီယာဒီပလိုမာ (၆၀၅) ဦးစုစုပေါင်းတိုင်းရင်းသားလူငယ် (၁၇၇၃) ဦးမွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှအရည်အချင်းပြည့်မီ၍ ဆက်လက်သင်ယူလေ့လာခဲ့ကြရာ Ph.Dဘွဲ့ (၁၈) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၄၆) ဦး၊ မဟာသိပ္ပံဘွဲ့ (၉၄) ဦး၊ ME (၁၉) ဦး၊ BE (၂၆၂) ဦး၊ B.Tech (၂၀၇) ဦးရှိပြီဖြစ်ကြောင်း၊
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများ ဖြစ်လာစေရေး အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင် အဖွဲ့အစည်းအတွင်းတွင် Life Long Learning အနေဖြင့်လက်ရှိထက်ပိုပြီး အဆင့်မြင့်သည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများ ကို နိုင်ငံ့တာဝန်များ ထမ်းဆောင်ကြရင်း တစ်ပြိုင်နက် ဆက်လက်တက်ရောက်ဆည်းပူးနိုင်အောင် ကြိုးစားသွားကြရန်၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ အင်္ဂလိပ်စာနဲ့ ICT နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာသွားကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံကောင်းကျိုးရရှိစေရေးအတွက်သာ အသိသတိဖြင့် အသုံးပြုလေ့လာ ကြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးများ ပိုမိုမြင့်မားလာအောင်လည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူး သွားကြရန် မှာကြားလိုကြောင်း၊
သင်တန်းဆင်းမောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာ “နိုင်ငံ့ဝန်ထမ်း” များအဖြစ် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် လုပ်ရည်ကိုင်ရည်ရှိသည့်၊ ယုံကြည်ချက် ခိုင်မာမှုရှိသည့်၊ ကျင့်ဝတ်သိက္ခာပြည့်စုံသည့်၊ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေး အခြေခံအုတ်မြစ် များဖြစ်သည့် စရိုက်လက္ခဏာကောင်းမွန်မှု ၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တန်းတူညီမျှမှု ၊ စွမ်းဆောင်ရည် ပြည့်ဝမှုတို့ဖြင့်ပြည့်စုံသူများ ဖြစ်လာစေရန် လိုအပ်ကြောင်း၊
ထို့အပြင် တာဝန်ကျရာဒေသများတွင် မိမိတို့၏ဌာနတာဝန်များအပြင် တိုင်းပြည်၏ အပစ် အခတ် ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေးရရှိသည်အထိ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန်၊ မိမိကိုယ်တိုင်က မူးယစ်ဆေးဝါးကင်းစင်သည့် သူဖြစ်ဖို့လိုသလို ဒေသခံပြည်သူလူထု ကိုလည်း မူးယစ်ဆေးဝါးကင်းစင်သူများ၊ မူးယစ်ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ ရောက်ရှိရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှု၊ စာပေနဲ့ ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာထိန်းသိမ်းသွားကြရန်၊ မူလလုပ်ငန်း တာဝန်များအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ အသိပညာပြန့်ပွားဖြန့်ဝေရေး လုပ်ငန်းများကိုလည်း တတ်နိုင်သရွေ့စီမံဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့ဇွဲ၊ လုံ့လဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနဲ့အတူ ပေးအပ်သည့် တာဝန်များ အပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရကျောင်းသားနှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆု ရကျောင်းသားတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က A.G.T.I ထူးချွန်ဆုရရှိသူအား လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဝန်ကြီးဌာန (၁၃) ခုတို့မှ ကိုယ်စားလှယ်များက ဝန်ကြီးဌာနအသီးသီးသို့ အလုပ်တာဝန်ခန့်အပ်ခြင်းခံရသော သင်တန်းဆင်း ကျောင်းသား ကျောင်းသူ (၂၀၆) ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများ နှင့်၎င်းတို့၏ မိဘများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆု ရကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံသည်။
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)တွင် ဝိဇ္ဇာဘွဲ့ (၄၆) ဦး၊ သိပ္ပံဘွဲ့ (၈၄) ဦးနဲ့ A.G.T.I ဒီပလိုမာ (၇၆) ဦး၊တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသားလူငယ် မောင်မယ်စုစုပေါင်း (၂၀၆) ဦးတက်ရောက် အောင်မြင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


