နေပြည်တော် ဖေဖော်ဝါရီ ၇
Myanmar Rice Bran Oil Co;ltd ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ စီမံကိန်းအကြံပေးများ၊ အင်ဂျင်နီယာချုပ်နှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ဦးရဲမင်းအောင်က ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်း အကြံပေးများ၊ အင်ဂျင်နီယာချုပ်နှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများက နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ထို့နောက် မင်္ဂလာပန္နတ်တော်တင်ခြင်း အခမ်းအနားကို ကျင်းပရာ ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်မည့်နေရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများများက သက်မှတ်နေရာများ၌ မင်္ဂလာပန္နတ်တော် ကိုးချက်တင်ပြီး အမွှေးနံသာရည်ဖြင့် ပက်ဖျန်းကြသည်။
ယင်းနောက် စက်ရုံတည်ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများက ဟိန္ဒူဘာသာ ရိုးရာအုန်းသီးခွဲခြင်းမင်္ဂလာကို ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က ရွှေမိုးငွေမိုးများရွာသွန်းဖြိုးကြသည်။
အဆိုပါစီမံကိန်းကို ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်မှုလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုမှဖွဲနုဆီကို တန်ဖိုးမြှင့်တင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ပြည်တွင်းဈေးကွက်အတွက် စားသုံးဆီဖူလုံမှုကို အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ မြန်မာ့လယ်ယာ ထွက်ကုန် အမယ်သစ်ဖြစ်သည့် ဖွဲနုဆီ၊ ဖွဲနုဆီကြမ်းများကို တင်ပို့ရောင်းချနိုင်ရန်၊ ဖွဲနုဆီထုတ်လုပ်မှု နည်းပညာ ဖြစ်သော Solvent Extraction Technology ကို ပိုမိုနားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချ နိုင်ခြင်းဖြင့် ဖွဲနုသာမက အခြားသော ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ် (Soya Bean) တို့မှ စားသုံးဆီများကို ပိုမိုတိုးချဲ့ထုတ်လုပ်ဆောင်ရွက်နိုင်ရန်၊ ဆန်စပါးတန်ဖိုး ကွင်းဆက် (Rice Value Chain) စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှုမှသည် ပြည်တွင်း တိရိစ္ဆာန်အစာဈေး ကွက်နှင့် မွေးမြူရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှု လုပ်ငန်းစဉ်များကိုပါ တစ်တပ်တစ်အား အကျိုးပြုနိုင်စေရန်၊ ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင် အကျိုးရှိသော လုပ်ငန်းအဖြစ်ထူထောင်ပြီး အလုပ်အကိုင်ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကျိုးပြုနိုင်စေရန်စသည့် ရည်ရွည်ချက် များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)