နေပြည်တော်၊ ဇွန် -၂

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၊ ကျန်းမာရေး ဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊  ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံ ပညာ အထက် တန်းကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် အသက်(၅)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများကို နှာခေါင်း စည်း Maskများ ဖြန့်ဝေပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် ပျဉ်းမနား မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက် တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများကို နှာခေါင်းစည်း Mask များဖြန့်ဝေပေးကာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် နေထိုင်ကြပြီး ကျောင်းစာများကို အလေး ထားပြီး ကြိုးစားသင်ယူကြကာ ယဉ်ကျေးလိမ္မာသော ကျောင်းသား ကျောင်းသူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်းမှာကြားပြီး အသက် (၅)နှစ်နှင့် (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို မှာကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း(၇၅၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၂၈)ကျောင်း ၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၅၇)ကျောင်း၊ စုစုပေါင်း(၈၄၂)ကျောင်း ပြန်လည် ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၉၀၂၀၀) ကျောင်းအပ်နှံပြီး  ပညာသင်ကြား နေလျက်ရှိကြောင်း၊ အသက်(၅)နှစ်နှင့်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၉၆၈၂)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

(သတင်းစဉ်)